ထားဝယ်မြို့နယ် ဟိန္ဒားသတ္တုတွင်း တူးခွင့်ရ ထိုင်းနိုင်ငံသားပိုင် မြန်မာပွန်ပီပက်(MPC) ကုမ္ပဏီ လုပ်ပိုင်ခွင့် ထပ်မံချထားမပေးရန် ဒေသခံများက တောင်းဆိုလိုက်သည်။
ဟိန္ဒားနှင့် မြောင်းပြိုကျေးရွာ ဒေသခံလေးရာနီးပါး(၃၉၅ ဦး)က လက်မှတ်ရေးထိုးကာ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းအစိုးရထံ သြဂုတ်လ ၁၂ ရက်ရက်စွဲဖြင့် ကန့်ကွက်စာကို ပေးပို့လိုက် ခြင်းဖြစ်သည်။
ရုံးခန်းမရှိက ကုမ္ပဏီများ ဒဏ်ငွေလေးသိန်း
လက်ရှိတွင် အဆိုပါသတ္တုတွင်းလုပ်ပိုင်ခွင့်မှာ သက်တမ်းကုန်ဆုံးနေပြီဖြစ်ပြီး ထပ်မံလုပ်ကိုင်ခွင့်ရရှိရန် ကုမ္ပဏီဘက်က တင်ပြထားသည်။
မြန်မာပွန်ပီပက်ကုမ္ပဏီသည် ဟိန္ဒား သတ္တုတွင်းကို ၁၉၉၉ ခုနှစ်မှ ၂၀၁၉ ဇွန်လအထိ နှစ်ပေါင်း ၂၀ ကို အဆင့်ဆင့် သက်တမ်းတိုးကာ လုပ်ကိုင်ခဲ့သော ကုမ္ပဏီဖြစ်သည်။
ကုမ္ပဏီအနေနှင့် သတ္တုတူးဖော်နေသည့် ကာလတစ်လျှောက်တွင် ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများ၌ မပါဝင်ခြင်း၊ သတ္တုတွင်း ဥပဒေ၊ အလုပ်သမားဥပဒေ၊ နည်းဥပဒေများကို လိုက်နာမှုမရှိခြင်း စသည်တို့ကြောင့် လုပ်ပိုင်ခွင့် ချထားပေးခြင်းမပြုတော့ရန် ကန့်ကွက်စာတွင် ဖော်ပြထားသည်။
ယင်းအပြင် သဘာဝပတ်ဝန်းကျင်ဆိုးရွားစွာ ပျက်စီးခြင်း၊ သတ္တုစွန့်ပစ် မြေစာပုံများကြောင့် ဒေသခံများ လုပ်ကိုင်နေသော ဥယျာဉ်ခြံများ ပျက်စီးခြင်းစသည့် ဖြစ်စဉ်များရှိခဲ့ကြောင်းလည်း ဖော်ပြထားသည်။
“အစိုးရအနေနဲ့ ဟိန္ဒားကျေးရွာ အုပ်စုက ပြည်သူလူထုတွေကို သနား ငဲ့ညှာမယ်ဆိုရင် အဲဒီ(မြန်မာပွန်ပီပက်)ကုမ္ပဏီက တင်ဒါတင်လာတာရှိရင် ခွင့်မပြုဖို့ တောင်းဆိုချင်တယ်” ဟု ကန့်ကွက်ရာတွင် ပါဝင်သူတစ်ဦးဖြစ်သူ ဦးနေဝင်းက ဆိုသည်။
ရွှေအရောင်းအဝယ် ကျနေဆဲ
ပုံမှန်အားဖြင့် တိုင်းအစိုးရမှ သဘောမတူသော သတ္တုလုပ်ငန်းကို ပြည်ထောင်စုမှလည်း ခွင့်ပြုချက်ပေးလေ့မရှိပေ။ ယင်းအတွက်ကြောင့် ဟိန္ဒားမိုင်းတူးဖော်ခွင့်အတွက် တင်ဒါခေါ်ယူရမည့် အခြေအနေတွင် ရှိနေသည်။
မြန်မာပွန်ပီပက်ကုမ္ပဏီကို အစိုးရက အမည်ပျက်စာရင်းသွင်းထားခြင်း မရှိသဖြင့် တင်ဒါခေါ်ယူပါက တင်ဒါ လျှောက်ထားခွင့်ရှိနေကြောင်း အမှတ်(၂) သတ္တုတွင်းလုပ်ငန်း၊ တနင်္သာရီတိုင်း အထွေထွေမန်နေဂျာ ဦးနိုင်မျိုးဟန်က တနင်္သာရီအပတ်စဉ်သို့ ဇွန်လက ပြောခဲ့ဖူးသည်။
ဒေသခံအချို့ကမူ ဟိန္ဒားသတ္တုတွင်းအစား ဥပဒေနှင့်အညီလုပ်ကိုင်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကို လုပ်ပေးသည့် ကုမ္ပဏီမျိုးကိုသာ အစိုးရက စိစစ်ခွင့်ပြု ပေးရန်လိုလားကြောင်း ပြောဆိုသည်။