BREAKING
November 21, 2024

လွတ်လပ်ရေး မော်ကွန်းဝင်ခွဲတမ်းနှင့် သံမဏိလေဒီကို အာခံခြင်း

July 24, 2024

ဈာန်ဟိန်း

ရာဘင်ဒြာနတ်တဂိုးရဲ့ လင်္ကာတစ်ပုဒ်ကို နိုင်ငံတော်သီချင်းလုပ်ထားတဲ့ နိုင်ငံဟာ မုန်တိုင်းတစ်ခုနဲ့ မွေးဖွားလာတယ်။

ပါကစ္စတန်အောက်ကနေ ခွဲထွက်ပြီး လွတ်လပ်ရေး ရတယ်။ လွတ်လပ်ရေး မော်ကွန်းဝင်နဲ့ မိသားစုဝင်တွေကို ဂုဏ်ပြုတဲ့ အနေနဲ့ အလုပ်အကိုင် ခွဲတမ်းတစ်ခု ချထားတယ်။ အဲဒီ ခွဲတမ်းစနစ်က အလုပ်လက်မဲ့ လူငယ်တွေကို ဒေါသဖြစ်စေတယ်။ ကမ္ဘာ့စီးပွားရေး မတည်မငြိမ်မှုက ဘင်္ဂလားဒေ့ရှ် စီးပွားရေးကို လှုပ်ယမ်း၊ အလုပ်လက်မဲ့ ပြဿနာ ပိုတက်လာပြီးတဲ့နောက် အခုလိုမျိုး ဇူလိုင် အရေးအခင်း ပေါ်လာရတာပါပဲ။

အခု ဇူလိုင်အရေးအခင်းကို မသွားမီ လွတ်လပ်ရေးအကြောင်း ပြန်ပြောင်းဆွေးနွေးကြရအောင်ပါ။

၁၉၄၇ အိန္ဒိယသန်းခေါင်ယံ လွတ်လပ်ရေးနဲ့အတူ အိန္ဒိယတိုက်ငယ်ကနေ အိန္ဒိယနဲ့ ပါကစ္စတန် ဆိုပြီး နိုင်ငံနှစ်ခု မွေးဖွားလာတယ်။ ၁၉၇၀ နိုဝင်ဘာမှာ အရှေ့ပါကစ္စတန်လို့ ခေါ်တဲ့ ဒေသကို ဝှေ့ယမ်းပစ်လိုက်တဲ့ ဆိုင်ကလုန်းမုန်တိုင်းဘိုလာဟာ လူငါးသိန်းရဲ့ အသက်ကို ဆွဲနုတ်သွားတယ်။ အနောက်ပါကစ္စတန်မှာ ပလ္လင်စိုက်ထားတဲ့ ပါကစ္စတန်အစိုးရရဲ့ ကပြက်တိကပြက်ချော် တုံ့ပြန်ဆောင်ရွက်မှုက ဒီဒေသမှာ နဂိုအားကောင်းနေပြီးသား ဘင်္ဂါလီအမျိုးသားရေးလှုပ်ရှားမှုရဲ့ ခေါင်းဆောင် ရှိတ်မူဂျီဘာရာမန်ကို ရွေးကောက်ပွဲအောင်ပွဲဆီ လမ်းခင်းပေးလိုက်တယ်။ ဒီလိုနဲ့ ပါကစ္စတန်လက်အောက်ကနေ အရှေ့ပါကစ္စတန်သားတွေ လွတ်လပ်ရေး လှုပ်ရှားမှု ပေါ်လာတယ်။

လွတ်လပ်ရေးလိုချင်သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်ဖို့ ပါကစ္စတန်အစိုးရက သူ့တပ်ဖွဲ့တွေကို အရှေ့ပါကစ္စတန်ဆီ ပို့လိုက်တယ်။ ပါကစ္စတန်အစိုးရကို အမေရိကန်သမ္မတရစ်ချတ် နစ်ဆန်နဲ့ အမျိုးသားရေးလုံခြုံရေးအကြံပေး ဟင်နရီကစ်ဆင်းဂျားက ထောက်ခံခဲ့တယ်။ ဒါပေမဲ့ အိန္ဒိယဆီက ထောက်ခံကူညီမှုနဲ့ လွတ်လပ်ရေးတိုက်ပွဲဝင်သူတွေဘက်က အနိုင်ရသွားတယ်။ အာရှရဲ့ နာမည်ကျော်မြစ်ကြီးတွေ စီဆင်းနေတဲ့ ဘိယိယက်ခုံလို ပြားချပ်ချပ်မြစ်ဝှမ်းဒေသရဲ့ ၁၉၇၁ မတ်လ ၂၆ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်ဆိုတဲ့ နိုင်ငံသစ်တစ်ခု မွေးဖွားလာတယ်။

ဒါပေမဲ့ အခု ဘင်္ဂလားဒေ့ရှ် တစ်နိုင်ငံလုံးကို တိုက်ခတ်သွားတဲ့ ဇူလိုင်မုန်တိုင်းရဲ့ လက်သည်ဟာ လွတ်လပ်ရေးရဲ့ ဖွားဖက်တော်အဖြစ် အတူပါလာပြီးသားပါ။ နိုင်ငံတစ်ခု မွေးဖွားခြင်းနဲ့ အတူ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့သူတွေအတွက် အလုပ်အကိုင် ခွဲတမ်းစနစ်တစ်ခု ချထားခဲ့တယ်။

သဘာဝမုန်တိုင်းရဲ့ အပျက်အစီးပုံကြီးထဲ သွေးမုန်တိုင်းတိုက်ခတ်ပြီးနောက် လွတ်လပ်လေးရလာတဲ့ ဘင်္ဂလားဒေ့ရှ်ဟာ လွတ်လပ်ရေးအတွက် အသက်ပေးတိုက်ပွဲဝင်ခဲ့သူတွေကို လေးလေးမြတ်မြတ် ဂုဏ်ပြုတန်ဖိုးထားခဲ့တယ်။ ဆင်းရဲနွမ်းပါးတဲ့ မွေးကင်းစနိုင်ငံလေးဟာ အလုပ်တည်မြဲမှုအာမခံချက်ရှိတဲ့ အစိုးရဝန်ထမ်းအလုပ်တွေကို လွတ်လပ်ရေးတိုက်ပွဲဝင်သူတွေအတွက် သီးသန့်သတ်မှတ်ခွဲဝေပေးထားတဲ့စနစ်ကို ကျင့်သုံးခဲ့တယ်။ ဒီစနစ်အရ တိုင်းပြည်မှာ ရှိသမျှ အစိုးရဝန်ထမ်း အလုပ်နေရာ ၅၆ ရာခိုင်နှုန်းကို အစိုးရက သတ်မှတ်ထားတဲ့ လူတန်းစားတွေအတွက် သီးသန့်သတ်မှတ်ဖယ်ပေးထားခဲ့တယ်။

လွတ်လပ်ရေးတိုက်ပွဲဝင်စစ်သားတွေအတွက် ၃၀ ရာခိုင်နှုန်း သတ်မှတ်ပေးထားခဲ့တယ်။ အမျိုးသမီးတွေအတွက် ၁၀ ရာခိုင်နှုန်း၊ ခေတ်နောက်ကျမဖွံ့ဖြိုးသေးတဲ့ ဒေသခံတွေအတွက် ၁၀ ရာခိုင်နှုန်း၊ လူနည်းစုလူမျိုးစုတွေအတွက် ၅ ရာခိုင်နှုန်းနဲ့ မသန်စွမ်းတွေအတွက် ၁ ရာခိုင်နှုန်းအဖြစ် အသီးသီးခွဲဝေသတ်မှတ်ပေးထားခဲ့ပါတယ်။ ကျန်တဲ့ အစိုးရဝန်ထမ်းအလုပ်နေရာ ၄၄ ရာခိုင်နှုန်းကိုပဲ တော်သူဦးစားပေးစနစ်နဲ့ ရွေးချယ်ခန့်အပ်ခဲ့တယ်။ နှောင်းပိုင်းနှစ်ကာလတွေမှာတော့ လွတ်လပ်ရေးစစ်ပြန်တွေရဲ့ သားသမီးနဲ့ မြေးမြစ်တွေအတွက်ပါ ဒီစနစ်ရဲ့ အကျိုးခံစားခွင့်တွေ ပေးလာခဲ့တယ်။

အကျိုးဆက်က လက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖြတ်သန်းနေရတဲ့ နိုင်ငံတလွှား မငြိမ်မသက် အုံကြွမှုတွေပါပဲ။ လွတ်လပ်ရေးရချိန်ကနေ စတင်ကျင့်သုံးလာခဲ့တဲ့ စနစ်တစ်ခုကို ဖျက်သိမ်းပေးဖို့ တက္ကသိုလ်ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲတွေဟာ ဇူလိုင်လ ၁ ရက်နေ့မှာ စတင်ပေါ်ထွက်လာခဲ့တာပါ။

တက္ကသိုလ်ပရဝုဏ်တွေဆီကနေ ပေါ်ထွက်လာတဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲတွေက တစ်နိုင်ငံလုံးကို ကူးစက်သွားတယ်။ အစိုးရက ဖုန်းနဲ့ အင်တာနက်လိုင်းတွေကို ဖြတ်တောက်လိုက်တယ်။ ဘင်္ဂလားဒေ့ရှ်ကို ကမ္ဘာကြီးနဲ့ အဆက်ဖြတ်လိုက်တယ်။ ဝန်ကြီးချုပ်ရှိတ်ဟာဆီနာက ဆန္ဒပြကျောင်းသားတွေကို “ရာဇကာ” လို့ မလိုတမာ တံဆိပ်ကပ်တယ်။ ‘ရာဇကာ’ဆိုတာ လွတ်လပ်ရေးစစ်ပွဲကာလမှာ ပါကစ္စတန်ထောက်ခံသူတွေကို ခါးခါးသီးသီး ခေါ်တဲ့ စကားလုံးပဲ။ သစ္စာဖောက်တွေပေါ့။

ဆန္ဒပြပွဲတွေမှာ လူထုလူတန်းစားပေါင်းစုံ ပါဝင်လာတယ်။ ဆံဖြူများရှင် ဘုရင်မကြီး လက်အောက်မှာ အနှစ်နှစ် အလလ မြိုသိပ်အုံဖွဲ့ထားခဲ့သမျှ ခါးသီးဒေါသများ လမ်းပေါ်ဆန္ဒပြပွဲတွေမှာ အန်ထွက်လာတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် အင်အားသုံးဖြိုခွင်းတယ်။ လူပေါင်း ၁၇၀ ကျော် သေဆုံးခဲ့တယ်။ လူ ၁၀၀၀ ကျော် အဖမ်းခံထားရတယ်။ သောကြာနေ့တစ်နေ့တည်းမှာ လူ ၅၀ ကျော် အသက်ပျောက်သွားတယ်။ နိုင်ငံအနှံ့က တက္ကသိုလ်တွေ ပိတ်ထားလိုက်ရတယ်။ အစိုးရက စစ်တပ်ကိုပါ ပစ်မိန့်ပေးပြီး ဆွဲသွင်းလာတယ်။ တစ်နိုင်ငံလုံးကို သတ်မှတ်ချက်အတွင်း အိမ်အပြင်မထွက်ရအမိန့် ထုတ်ပြန်လိုက်တယ်။

ဒီလို ဖြိုခွင်းမှုမျိုး ရင်ဆိုင်ရတာတောင်မှ ကျောင်းသားတွေဘက်က အလျှော့မပေးဘဲ ဆက်လက်ဆန္ဒပြကြတယ်။ ဆန္ဒပြကျောင်းသားတွေရဲ့ ဆုံးဖြတ်ချက်ကို လိုက်လျောတဲ့ ဆုံးဖြတ်ချက်ကို နိုင်ငံတော်တရားရုံးချုပ်က တနင်္ဂနွေနေ့မှာ ချမှတ်ခဲ့တယ်။ ကျောင်းသားတွေဘက်က ဒီဆုံးဖြတ်ချက်ကို ကြိုဆိုတယ်။ ဒါပေမဲ့ ဖမ်းဆီးအကျဉ်းချခံထားရသူတွေ ပြန်လွှတ်ပေးရေးနဲ့ ကျူးလွန်ထားတဲ့ အကြမ်းဖက်မှုတွေအတွက် တာဝန်ရှိသူတွေ နုတ်ထွက်ပေးရေးအပါအဝင် သူတို့ရဲ့ တောင်းဆိုချက်တွေ မပြည့်ဝမချင်း ရှေ့ဆက်တိုက်ပွဲဝင်သွားမယ်လို့ ပြောတယ်။

ဝန်ကြီးချုပ်ရှိတ်ဟာဆီနာရဲ့ ဖခင် ရှိတ်မူဂျီဘာရာမန်နဲ့ လက်ရှိအာဏာရ Awomi League ပါတီဟာ လွတ်လပ်ရေးတိုက်ပွဲမှာ တပ်ဦးက ဦးဆောင်ခဲ့တယ်။ ဒီအစိုးရဝန်ထမ်းအလုပ်ခွဲတမ်းစနစ်က အာဏာရပါတီနဲ့ နီးစပ်သူတွေကိုပဲ အကျိုးပြုနေတယ်လို့ ဘင်္ဂလားဒေ့ရှ်မှာ ပြည်လူအများစုက ယုံကြည်ကြတယ်။

ဒါကြောင့် ဒီစနစ်ကို ဖျက်သိမ်းပြီး တော်သူဦးစားပေးစနစ်နဲ့ အစားထိုးဖို့ကို ဝန်ကြီးချုပ်ရှိတ်ဟာဆီနာက တွန့်ဆုတ်နေတယ်လို့ ဆန္ဒပြကျောင်းသားတွေက ဝေဖန်တယ်။ နိုင်ငံတလွှား လူထုအုံကြွမှုတွေက လွတ်လပ်ရေးနဲ့ အတူပါလာတဲ့ ဖွားဖက်တော် ခွဲတမ်းစနစ်ကို တိုက်ဖျက်ပစ်လိုက်တယ်။ နိုင်ငံတော်တရားရုံးချုပ်ရဲ့ တနင်္ဂနွေနေ့ ဆုံးဖြတ်ချက်က အစိုးရ၀န်ထမ်းအလုပ်ခွဲတမ်းရဲ့ ၉၃ ရာခိုင်နှုန်းကို အရည်အချင်းအပေါ် မူတည်ပြီး ရွေးချယ်ခန့်မှတ်ဖို့ တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။ လွတ်လပ်ရေးတိုက်ပွဲဝင်တွေရဲ့ သားသမီးမြေးမြစ်တွေအတွက် ခွဲဝေသတ်မှတ်ပေးထားတဲ့ အစိုးရဝန်ထမ်းအလုပ်ခွဲတမ်းကို ၅ ရာခိုင်နှုန်းအဖြစ် လျှော့ချသတ်မှတ်ပေးလိုက်တယ်။ ကျန်ရှိတဲ့ နှစ်ရာခိုင်နှုန်းကိုတော့ လူနည်းစုလူမျိုးစုတွေ ၊ LGBTI နဲ့ မသန်စွမ်းတွေအတွက် ဖယ်ပေးထားခဲ့တယ်။ လွတ်လပ်ရေးရလာချိန်ကနေ ပြန်ကြည့်လိုက်ရင် အဆိုးရွားအပြင်းထန်ဆုံးလို့ ပြောနိုင်တဲ့ လက်ရှိနိုင်ငံရေးမုန်တိုင်းဟာ အစိုးရဝန်ထမ်းအလုပ်ခွဲတမ်းစနစ်တစ်ခုတည်းမှာမဟုတ်ဘဲ လူမှုစီးပွားဘဝနောက်ခံအကြောင်းတရားတွေမှာပါ သန္ဓေတည်ပေါက်ဖွားလာခဲ့တာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ဟာ ကမ္ဘာပေါ်မှာ အဋ္ဌမမြောက် လူဦးရေအများဆုံး နိုင်ငံ ဖြစ်တယ်။ ရှမ်းပြည်နယ်အရွယ်အစားလောက်သာရှိတဲ့ ဒီနိုင်ငံဟာ သန်း ၁၇၀ ကျော်တဲ့ လူဦးရေကို မနိုင်မနင်း ထမ်းပိုးထားရတယ်။ “ကမ္ဘာကြီးပေါ်က ဆိုက်ကားမြို့တော်”လို့ ကင်ပွန်းတပ်ခံရတဲ့ မြို့တော်ဒါကာဟာ လူဦးရေသန်း ၂၀ ကျော်နဲ့ ပြွတ်ခဲနေတယ်။ ကမ္ဘာ့လူနေအထူထပ်ဆုံးမြို့တွေ စာရင်းမှာ နံပါတ် ၄ ချိတ်နေတယ်။ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းက ရုန်းမထွက်နိုင်သေးတဲ့ ဒီနိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ လုံလုံလောက်လောက် မဖန်တီးပေးနိုင်တဲ့အတွက် အလုပ်လက်မဲ့ပြဿနာက နက်နက်ရှိုင်းရှိုင်း အမြစ်တွယ် ဒုက္ခပေးနေခဲ့တယ်။ လူငယ် ၁၈ သန်းဝန်းကျင်ဟာ အလုပ်လက်မဲ့ ဖြစ်နေတယ်လို့ ပညာရှင်တွေက ခန့်မှန်းတယ်။ အသက် ၁၅ နှစ်ကနေ ၂၄ နှစ်ကြား လူငယ် ၄၀ ရာခိုင်နှုန်းဟာ ကျောင်းစာသင်ခန်းထဲမှာ မရှိသလို လုပ်ငန်းခွင်ထဲမှာလည်း ရှိမနေကြဘူး။ ဒီပမာဏဟာ တစ်ကမ္ဘာလုံးပျမ်းမျှနှုန်းနဲ့ ယှဉ်ကြည့်လိုက်ရင် နှစ်ဆဖြစ်နေတယ်။ တက္ကသိုလ်ဘွဲ့ရလူငယ်တွေဟာ အခြားလူငယ်တွေထက် အလုပ်လက်မဲ့ ပြဿနာကို ပိုရင်ဆိုင်နေရတယ်။

ကိုဗစ်ကပ်ရောဂါ နောက်ဆက်တွဲနဲ့ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ ရိုက်ခတ်မှုဒဏ်ကို ခံလိုက်ရတဲ့ ကမ္ဘာ့စီးပွားရေးမတည်မငြိမ်မှုတွေကြားမှာ ဘင်္ဂလားဒေ့ရှ်ဟာ စီးပွားရေးကျဆင်းမှုဒဏ်ရာနဲ့ နပန်းလုံးနေရတယ်။ အကျိုးဆက်အနေနဲ့ အလုပ်လက်မဲ့ ပြဿနာက ပိုနှိပ်စက်လာတယ်။ အစိုးရဝန်ထမ်းအလုပ်တွေက လူငယ်တွေအတွက် ဆွဲဆောင်မှုအရှိဆုံးအလုပ် ဖြစ်နေခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ အစိုးရဝန်ထမ်းအလုပ်တွေက အလုပ်တည်မြဲမှုရှိပြီး ဂုဏ်ရှိတယ်လို့ ယူဆကြပါတယ်။ ပုံမှန်လစာတိုးပေးတာတွေနဲ့ ရက်ရောတဲ့အကျိုးခံစားခွင့်တွေလည်း ပေးထားပါတယ်။ ဒါပေမဲ့ အစိုးရဝန်ထမ်းအလုပ်က ရဖို့ အင်မတန်ခက်ပါတယ်။ အလုပ်လိုအပ်နေတဲ့ တက္ကသိုလ်ဘွဲ့ရပေါင်း လေးသိန်းဝန်းကျင်ကို ဘင်္ဂလားဒေ့ရှ်က နှစ်စဉ်ထုတ်လုပ်နေတယ်။ ဒါပေမဲ့ တစ်နှစ်မှာ အစိုးရအလုပ်ဝန်ထမ်း အလုပ်ခေါ်တဲ့နေရာက ၄၀၀၀ ဝန်းကျင်ပဲ ရှိတယ်။ နဂိုဆိုးရွားပြီးသား အခြေအနေမှာ လွတ်လပ်ရေးနဲ့အတူပါလာတဲ့ အစိုးရဝန်ထမ်းအလုပ်ခွဲတမ်းစနစ်က ပိုဆိုးရွားသွားစေတယ်။

“အစိုးရဝန်ထမ်းအလုပ်ခွဲတမ်းစနစ်ဆန့်ကျင်ဆန္ဒပြပွဲတွေဟာ ခွဲတမ်းစနစ်မျှသာမကဘဲ တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ နိုင်ငံရေးအခြေအနေအပေါ် ကျယ်ကျယ်ပြန့်ပြန့် မကျေနပ်မှုတွေကို ထုတ်ဖော်ပြသလိုက်ခြင်းပဲ”လို့ International Crisis Group အဖွဲ့ရဲ့ Asia Program ဒါရိုက်တာ Pierre Prakash က အခုလို ပြောတယ်။

လက်ရှိဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ စီးပွားရေးက ကြီးထွားလာနေတဲ့ စိန်ခေါ်မှုတွေနဲ့ နပန်းလုံးနေရတယ်။ ကိုဗစ်ကပ်ရောဂါနဲ့ ရုရှား-ယူကရိန်းစစ်ပွဲရဲ့သက်ရောက်မှုက ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း သိသိသာသာတိုးတက်လာနေခဲ့တဲ့ တိုင်းပြည်စီးပွားရေးကို ဇက်ဆွဲသတ်လိုက်တယ်။ တိုင်းပြည်ရဲ့ ဂျီဒီပီတိုးတက်မှုနှုန်းဟာ သိသိသာသာ နှေးကွေးသွားတယ်။ ၂၀၂၂ ဘဏ္ဍာရေးနှစ်မှာ ၇ဒသမ၁ ရာခိုင်နှုန်းရှိခဲ့ရာကနေ ၂၀၂၃ ဘဏ္ဍာရေးနှစ်မှာတော့ ၅ဒသမ၈ ရာခိုင်နှုန်းအထိ ကျဆင်းသွားတယ်။ ၂၀၁၈ ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံခြားအရန်ငွေဟာ ဒေါ်လာ ၄၂ ဘီလီယံရှိခဲ့ပေမယ့်် လက်ရှိအချိန်မှာတော့ ဒေါ်လာ ၂၆ဒသမ၅ ဘီလီယံမျှသာ ကျန်ရှိတော့တယ်။

လက်ရှိ ၁၀ ရာခိုင်နှုန်းမှာ ရှိနေတဲ့ ငွေကြေးဖောင်းပွမှုနှုန်းကလည်း တိုင်းပြည်ကို နှိပ်စက်နေတယ်။
အလုပ်အကိုင် အခွင့်အလမ်းဖန်တီးနိုင်မှု နှေးကွေးလျော့ကျသွားတယ်။ ၂၀၂၂ ခုနှစ် အချက်အလက်တွေအရ လူငယ်အလုပ်လက်မဲ့နှုန်းဟာ ၁၆ဒသမ၁ ရာခိုင်နှုန်းမှာ ရှိနေတယ်။ ဒါဟာ တိုင်းပြည်တစ်ခုလုံးရဲ့ ယေဘုယျအလုပ်လက်မဲ့နှုန်းထက် သုံးဆလောက် ပိုမြင့်နေတယ်။

ဆန္ဒပြပွဲတွေရဲ့ အရင်းခံအလုပ်လက်မဲ့ပြဿနာကို စီးပွားရေးအကျပ်အတည်းက မီးထိုးပေးနေတယ်။
စီးပွားရေးအကျပ်အတည်းကို ပြည်ပကြွေးမြီဝန်ထုပ်ဝန်ပိုးက နှိပ်စက်နေတယ်။ ဝန်ကြီးချုပ်ရှိတ်ဟာဆီနာ အာဏာရလာချိန်ကစပြီး လမ်းတံတားနဲ့ စက်ရုံတွေ တည်ဆောက်ကာ ဘင်္ဂလားဒေ့ရှ်ကို အသွင်ပြောင်းခဲ့တယ်။ ပြည်ပချေးငွေကို မြိုးမြိုးမြက်မြက် ရယူပြီး အခြေခံအဆောက်အဦ တည်ဆောက်ရေးစီမံကိန်းတွေမှာ ဖောဖောသီသီ သုံးစွဲခဲ့ပါတယ်။ အဲဒါရဲ့ အကျိုးဆက်က ဘင်္ဂလားဒေ့ရှ်စီးပွားရေးကို ကာလရှည်လည်ပင်းညှစ်ခံထားရသလို ဖြစ်နေတယ်။ အထူးသဖြင့် တရုတ်ရဲ့ BRI – Belt and Road Initiative ‘ခါးပတ်တကွင်း လမ်းတစင်း’ စီမံကိန်းက လာတဲ့ အခြေခံအဆောက်အဦ တည်ဆောက်ရေးတွေအတွက် ချေးယူထားတဲ့ ကြွေးမြီပမာဏက သိသာအများပြားဆုံး ဖြစ်ပါတယ်။ ပြည်ပချေးငွေ ဖောဖောသီသီသုံးစွဲထားတဲ့ အခြေခံအဆောက်အဦ စီမံကိန်းတွေဟာ တိုင်းပြည်ရဲ့ ရေရှည်တည်တံ့ဖွံ့ဖြိုးမှုနဲ့ ပတ်သက်ပြီး စိုးရိမ်စရာ ဖြစ်နေပါတယ်။ ကာလရှည်ထိုးဆပ်ရမယ့်ချေးငွေတွေကြောင့် တိုင်းပြည်စီးပွားရေးကို လည်ပင်းညှစ်နေပါတယ်။ ဒါကို အကောင်းဆုံးထင်ဟပ်စေတာကတော့ ခန့်မှန်းခြေ ၃၆ဒသမ၄ ရာခိုင်နှုန်းအထိ မြင့်တက်လာတဲ့ လက်ရှိဘင်္ဂလားဒေ့ရှ်ရဲ့ ကြွေးမြီ-ဂျီဒီပီအချိုးပါပဲ။

တိုင်းပြည်မှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ အကျင့်ပျက်ခြစားမှုပြဿနာကလည်း လူမှုစီးပွားဘဝကို ဒုက္ခပေးနေတယ်။ နောက်ထပ်စိုးရိမ်စရာကောင်းတာက ဝန်ကြီးချုပ်ရှိတ်ဟာဆီနာလက်ထက် ဒီမိုကရေစီယိုယွင်းမှုပါပဲ။ The Economist က သူမကို ‘အာရှရဲ့ သံမဏိလေဒီ’လို့ ဝိဂြိုဟ်ပြုခဲ့တယ်။

၂၀၀၉ ခုနှစ်ကစပြီး ရွေးကောက်ပွဲလေးကြိမ်ဆက်တိုက် စံချိန်တင်အနိုင်ရလာတဲ့ အာဂအမျိုးသမီးလက်ထက်မှာ အခြေမခိုင်သေးတဲ့ ဘင်္ဂလားဒေ့ရှ်ဒီမိုကရေစီဟာ တစထက်တစ အသက်ရှူကျပ်လာတယ်။
တိတ်တဆိတ်ခြေမွခံလာရတယ်။ အခုနှစ် ဇန်နဝါရီမှာ ပြီးစီးသွားတဲ့ ရွေးကောက်ပွဲကို အဓိကအတိုက်အခံပါတီက BNP က သပိတ်မှောက်ခဲ့တယ်။ ရှိတ်ဟာဆီနာလက်ထက်မှာ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲမျိုး ဘယ်လိုမှ ပေါ်လာစရာအကြောင်းမရှိဘူးလို့ အတိုက်အခံပါတီက ဆိုတယ်။
အတိုက်အခံပါတီ BNP နဲ့ သူမဟာ တိုင်းပြည်ရဲ့ ဒီမိုကရေစီရရှိရေးကြိုးပမ်းမှုမှာ တချိန်က အတူလက်တွဲတိုက်ပွဲဝင်ခဲ့ကြတယ်။

တချိန်က ဘင်္ဂလားဒေ့ရှ်ရဲ့ ဒီမိုကရေစီအိုင်ကွန်အဖြစ် အမွှမ်းတင်ခံခဲ့ရတဲ့ သက်တော် ၇၆ နှစ်အရွယ် မင်းသမီးကြီးဟာ အာဏာရှင်ဘီလူးရုပ်ပေါ်လာတယ်လို့ စွပ်စွဲခံနေရတယ်။ BNP ပါတီကို ‘အကြမ်းဖက်အဖွဲ့အစည်း’လို့ ခေါ်ဝေါ်ခဲ့တယ်။ အစိုးရကို ဆန့်ကျင်သူတွေနဲ့ မီဒီယာတွေဟာ ဖိနှိပ်ခံနေရတယ်။
အတိုက်အခံအချို့ ဟာ မိသားစုဝင်တွေကိုယ်တိုင် သတင်းအစအနရှာမရေအောင် ပျောက်ဆုံးနေတယ်။
သူမလက်ထက်မှာ တိုင်းပြည်ရေးစီးပွားရေးတိုးတက်မှုနှုန်း တက်ရိပ်ပြလာပေမယ့် အလုပ်လက်မဲ့ ပြဿနာကို မဖြေရှင်းနိုင်ခဲ့ဘူး။ စီးပွားရေးတိုးတက်မှုကို သူမနဲ့ နီးစပ်သူတွေကိုပဲ အကျိုးခံစားရတယ်လို့ လူအများက ယုံကြည်လာတယ်။

ဒီလို လူမှုစီးပွားဘဝ နောက်ခံပိတ်ကားထက်မှာ ဘင်္ဂလားဒေ့ရှ်အစိုးရအပေါ် လူထုရဲ့ ဒေါသက မထူးဆန်းစွာနဲ့ အစိုင်အခဲဖွဲ့လာတယ်။ လက်ရှိပေါက်ကွဲထွက်လာတဲ့ နိုင်ငံတလွှား လူထုအုံကြွမှုဟာ တက္ကသိုလ်ကျောင်းသားတွေ စတင်လိုက်ပေမယ့် သံမဏိလေဒီ အာဏာရလာပြီးကတည်းက ရင်ဆိုင်ခဲ့ရသမျှ အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်လာတယ်။ လက်ရှိအစိုးရရဲ့ ရှင်သန်မှုကို အန္တရာယ်ပေးနိုင်တဲ့ အုံကြွမှု ဖြစ်လာတယ်။ နိုင်ငံရေးသိပ္ပံပညာရှင်တစ်ယောက်ကတော့ အခုလို ပြောပါတယ်။

“ဘင်္ဂလားဒေ့ရှ်ဟာ လမ်းဆုံလမ်းခွကို ရောက်နေတယ်။ ကျွန်တော့်အမြင် နိုင်ငံရေးအရပြောရရင် အစိုးရအဖွဲ့က ရှင်သန်နိုင်လိမ့်မယ်။ ဒါပေမဲ့ အခြားတစ်ဖက်မှာ ဆန္ဒပြသူတွေဘက်ကသာ မဆုတ်မနစ်ဆက်ကြိုးစားတောင့်ခံသွားနိုင်ရင် အစိုးရအဖွဲ့ နုတ်ထွက်သွားရအောင် ဖိအားပေးနိုင်လိမ့်မယ်”

Ref: Al Jazeera, BBC, The New York Times, Firstpost, The Economist