BREAKING
September 7, 2024

ရွှေတြိဂံနယ်မြေကို ထိုင်းက ဖုန်းနှင့်အင်တာနက်လိုင်းဖြတ်တောက်

July 24, 2024

ပုံစာ - Kings Romans ကယ်စီနိုလုပ်ငန်း Photo - Transboder News

ထိုင်းနိုင်ငံဘက်က ရွှေတြိဂံနယ်မြေရှိ Kings Romans ကယ်စီနိုလုပ်ငန်းနေရာသို့ ပေးနေသော ဖုန်းလိုင်းနှင့် အင်တာနက် လိုင်းများ ယနေ့ ဇူလိုင် ၂၄ ရက်မှစ၍ ဖြတ်တောက်လိုက်ပြီဖြစ်ကြောင်း Thai PBS သတင်းတွင် ဖော်ပြထားသည်။

လာအိုနှင့် မြန်မာနိုင်ငံနယ်စပ်ရှိ တရားမဝင် အွန်လိုင်းရာဇဝတ်မှုများအပါအဝင် Call Centre ဂိုဏ်းများကို ဖြိုဖျက်နိုင်ရေး ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

‘သူခိုးဓားပြများ၏ တံတားများကို ဖြိုဖျက်ရေး’ ဟု ကုဒ်အမည်ပေးထားသော စီမံချက်အရ ထိုင်းအမျိုးသား ရုပ်သံထုတ်လွှင့် ရေးနှင့် ဆက်သွယ်ရေးကော်မရှင် (NBTC) ၏ အရာရှိများက ထိုင်းရဲတပ်ဖွဲ့၊ တပ်မတော်တို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံသားများ ဦးစီးလုပ်နေသော အွန်လိုင်းရာဇဝတ်မှုများအပါအဝင် နယ်စပ်ဒေသရှိ Call Centre ငွေလိမ်လုပ်ငန်းများကို ဖြိုဖျက်နိုင်ရေး နှိမ်နင်းနိုင်ရေး ရည်ရွယ်ထားကြောင်း ဆိုသည်။

မြန်မာနိုင်ငံ တာချီလိတ်မြို့နယ်နှင့် ထိစပ်နေသော ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင် ချင်းစဲဒေသသို့ ဝန်ကြီးချုပ် စေထာထဝီဆင်က ကွင်းဆင်းသွားရောက်ခဲ့ပြီးနောက် နယ်စပ်တစ်ဖက်ရှိ ရွှေတြိဂံဒေသသို့ ဖုန်းလိုင်းနှင့် အင်တာနက် လိုင်းများဖြတ်တောက်ရန် ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

အဆိုပါ Call Centre လုပ်ငန်းများတွင် ဆန္ဒရှိစွာ လုပ်ကိုင်နေသော ထိုင်းနိုင်ငံသားများကိုလည်း ဖမ်းဆီးနိုင်ရေးနှင့် ဥပဒေအရ အရေးယူနိုင်ရေး ဝန်ကြီးချုပ်က ရဲတပ်ဖွဲ့များကို ညွှန်ကြားထားကြောင်း ဆိုသည်။

Call Centre လုပ်ငန်းများကို နှိမ်နင်းရေး လုပ်ဆောင်ချက်များကိုလည်း တစ်ပတ်တစ်ကြိမ် သတင်းပို့အကြောင်းကြားရန် ဝန်ကြီးချုပ်က ညွှန်ကြားထားသည်။

အွန်လိုင်း ငွေလိမ်ရာဇဝတ်မှုများကို ကာကွယ်နိုင်ရေးအတွက် ရွှေတြိဂံဒေသ မြန်မာနှင့် လာအိုနယ်စပ်ကို ပေးပို့နေသော ဖုန်းလိုင်းများအားလုံးကို ဖြတ်တောက်ထားပြီးဖြစ်ကြောင်း ဒုတိယရဲဗိုလ်ချုပ်ကြီး Mr Tatchai Pitanilabutr ကလည်း ပြောဆိုထားသည်။

ထို့အပြင် မြန်မာနိုင်ငံသို့ ခရီးသွားမည့် ထိုင်းနိုင်ငံသားများကိုလည်း တင်းတင်းကျပ်ကျပ်စစ်ဆေးရန် နယ်စပ်ရှိ လဝက အရာရှိများကို ညွှန်ကြားထားပြီးဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

နယ်စပ်ဒေသတွင် အွန်လိုင်းရာဇဝတ်မှုအပါအဝင် တရားမဝင် လုပ်ငန်းများအတွက် အသုံးပြုနေသည်ဟု ယူဆရသော ဖုန်းနံပါတ် နှစ်သန်းကျော်အထိရှိကြောင်း NBTC အရ သိရသည်။

အဆိုပါဖုန်းနံပါတ်အားလုံးကိုလည်း ဖျက်သိမ်းလိုက်ပြီဖြစ်ပြီး ခရိုင် Cell Site ပေါင်း ၁၇၉ ခုကို မလုပ်ဆောင်နိုင်ရန် ပြုလုပ်ခဲ့ကြောင်း ဖော်ပြသည်။

မြန်မာနိုင်ငံသို့ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ တရားမဝင် ပေးပို့နေသူ ၃၃ ဦးကိုလည်း အရေးယူထားပြီးဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

ယခုစီမံချက်တွင် ချင်းရိုင်ခရိုင် မဲချမ်းဒေသမှတစ်ဆင့် မြန်မာနိုင်ငံသို့ ဆက်သွယ်ထားသော ၁၁ ဒသမ ၅ ကီလိုမီတာအရှည်ရှိ မြေအောက်အင်တာနက်ကေဘယ်လ်ကြိုးကိုလည်း ထိုင်းတပ်မတော်က ထုတ်ဖော်နိုင်ခဲ့ကြောင်း သတင်းတွင် ရေးသားသည်။

တရုတ်နိုင်ငံသားပိုင် Kings Romans ကယ်စီနိုလုပ်ငန်းသည် ရွှေတြိဂံဒေသ လာအိုဘက်ခြမ်းတွင်တည်ရှိပြီး အွန်လိုင်း ရာဇဝတ်မှု၊ ငွေကြေးခဝါချမှု၊ မူးယစ်ဆေးဝါးကုန်ကူးမှု၊ လူကုန်ကူးမှုများ ကျူးလွန်နေသဖြင့် အမေရိကန်က စီးပွားရေး ပိတ်ဆို့အရေးယူထားသည်။