BREAKING
September 7, 2024

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မွန်တွင် မြို့နယ်ငါးခုရှိ အနိမ့်ပိုင်းနေရာအချို့ ရေစဝင်

July 24, 2024

ပုံစာ - ယနေ့ ဇူလိုင်လ ၂၄ ရက်နေ့ သံဖြူဇရပ်တွင် ကားလမ်းရေကျော်နေသည်ကို တွေ့ရစဉ်။

မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့နယ်ငါးခုက အနိမ့်ပိုင်းနေရာအချို့တွင် ယနေ့ ဇူလိုင်လ ၂၄ ရက် နေ့လယ်ပိုင်းမှ စတင်ကာရေစဝင်နေကြောင်း ဒေသခံနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

ဇူလိုင်လ ၂၃ ရက် ညနေပိုင်းကစပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပြည်နယ်အတွင်းရှိ မော်လမြိုင်၊ ချောင်းဆုံ၊ မုဒုံ၊ ရေး၊ သံဖြူဇရပ်မြို့နယ်အတွင်းက အနိမ့်ပိုင်းကျေးရွာ၊ ရပ်ကွက်တို့တွင် ရေစတင်ဝင်ရောက်နေကြောင်း ၎င်းတို့က ပြောသည်။

သံဖြူဇရပ်မြို့ပေါ်ရပ်ကွက်များဖြစ်သည့် ကျောင်းပိုင်း၊ စက်သစ်ပိုင်း၊ အောင်ချမ်းသာရပ်ကွက်၊ ဆည်မြောင်းပိုင်းအစရှိသည့် အနိမ့်ပိုင်းရပ်ကွက်နှင့် ကျေးရွာအချို့တို့တွင် ရေစဝင်နေကြောင်း မြို့ခံတို့က ဆိုသည်။

“မိုးကောင်းနေတာ မနေ့ကတည်းက။ အခုလည်း ရွာနေတုန်းပဲ။ တချို့နေရာမှာတော့ ရေစဝင်နေပြီ။ ညနေ ပင်လယ်ဒီရေ တက်ချိန်နဲ့ဆိုရင် ရေက ထပ်တက်လာဖို့ပဲရှိတယ်” ဟု သံဖြူဇရပ်ဒေသခံတစ်ဦးက ပြောသည်။

ယင်းအပြင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေစီးဆင်းလာသည့်အတွက် မုဒုံ-သံဖြူဇရပ်ကားလမ်းပိုင်း၊ သံဖြူဇရပ်-ကျိုက်ခမီကားလမ်းပိုင်းအချို့ ရေကျော်နေသောကြောင့် ကားများ ဆိုင်ကယ်များ သတိထားဖြတ်သန်း သွားလာကြရန်လည်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့က နှိုးဆော်ထားသည်။

အလားတူ မော်လမြိုင်မြို့ပေါ် ရပ်ကွက်အချို့ဖြစ်သည့် ရွှေမြိုင်သီရိ၊ ရွှေပြည်စိုး၊ ဇေယျာမြိုင် အစရှိသည့် အနိမ့်ပိုင်းရပ်ကွက်တို့တွင်လည်း ရေစဝင်နေကြောင်း ရပ်ကွက်နေပြည်သူတို့က ဆိုသည်။

“မော်လမြိုင်မှာ မိုးရော လေရောပဲ။ မနေ့ညနေလောက်ကတည်းက သည်းနေတာ၊ မိုးက အခုထိပါပဲ။ တချို့နေရာမှာဆို ရေတွေ စဝင်နေပါပြီ။ ဒီအတိုင်းဆို ခါတိုင်းနှစ်လိုပဲ မော်လမြိုင် ရေမြုပ်ဦးမယ်” ဟု မော်လမြိုင် စျေးကြိုရပ်ကွက်နေသူ တစ်ဦးက ပြောသည်။

ရေကြီးရေလျှံမှုအတွက် အဆင်သင့်ပြင်ဆင်ထားကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

ပြည်သူများအနေဖြင့်လည်း ကြိုတင်ပြင်ဆင်ထားကြရန်နှင့် အရေးပေါ်ပြောင်းရွှေ့ရမည့်အခြေအနေ ကြုံတွေ့လာပါက လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံ ဆက်သွယ်အကူအညီတောင်းခံကြရန် လူမှုကယ်ဆယ်ရေးအဖွဲ့တို့က တိုက်တွန်းနှိုးဆော် ထားသည်။

မွန်ပြည်နယ်တွင် ဒေသအလိုက်မိုးကြီးနိုင်ပြီး နောက်နှစ်ရက်အထိ မိုးဆက်လက်ပိုနေမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇူလိုင်လ ၂၄ ရက်နေ့ နံနက် ၇ နာရီ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးမှု၊ မြစ်ရေကြီးမှုအပြင် တောင်ပြိုခြင်းလည်း ဖြစ်ပေါ်လာသည့်အတွက် အထူးသတိပြုနေထိုင်ကြရန်လည်း မိုးလေဝသခန့်မှန်းသူတို့က သတိပေးထားသည်။

မွန်တွင် ဇူလိုင်လ ၂၄ ရက် တိုင်းထွာချက်အရ မိုးရေချိန်သည် ကျိုက်မရောမြို့နယ်တွင် ၇ ဒသမ ၁၇ လက်မ၊ ချောင်းဆုံ မြို့နယ်တွင် ၇ ဒသမ ၀၉ လက်မ၊ မုဒုံမြို့နယ်တွင် ၆ ဒသမ ၆၁ လက်မ၊ မော်လမြိုင်မြို့နယ်တွင် ၅ ဒသမ ၅၉ လက်မရှိကြောင်း မိုးဇလထံမှ သိရသည်။