BREAKING
October 18, 2024

ရေဖြူမြို့တွင် စစ်ကောင်စီတပ်သားများလိုက်ပါသည့်ကားပစ်ခတ်ခံရ၊ အနီးရှိ အရပ်သားတစ်ဦးသေဆုံးပြီး ရဟန်းတစ်ပါးပျံလွန်

July 24, 2024

ပုံစာ - ဇူလိုင်လ ၂၂ ရက်တွင်က ရေဖြူမြို့တွင် ပစ်ခတ်ခံရမှုအတွင်း လမ်းဘေးထိုးကျသွားသည့် မော်တော်ကား။ ဓာတ်ပုံ - DNLA, YPPDF

ရေဖြူမြို့ ၊ (ဂ) ရပ်ကွက်တွင် ဇူလိုင် ၂၂ရက် ညနေပိုင်းက စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် ကားတစ်စီး ပစ်ခတ် ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးသလို အနီးဝန်းကျင်ရှိ အရပ်သားတစ်ဦးသေဆုံးကာ ရဟန်းတစ်ပါး ပျံလွန်တော်မူကြောင်း မြို့ခံများထံမှ သိရသည်။

ရေဖြူမြို့ အထက ကျောင်းတွင် တက်ရောက်ပညာသင်ကြားနေသည့် ရေဖြူတပ်နယ် စစ်ကောင်စီတပ်ရင်းများက ကျောင်းသားများကို ကျောင်းဆင်းချိန် လာကြိုသည့်ကားဖြစ်ကြောင်း မြို့ခံတို့ထံမှ သိရသည်။

“စစ်တပ်ထဲက ကျောင်းလာကြိုတဲ့ကား အပစ်ခံရတာပါ။ ကလေးတွေ မပါသေးဘူး။ ကြိုဖို့ အသွားပဲရှိသေးတယ်။ စစ်သား လေးယောက်သေတယ်” ဟု ရေဖြူမြို့က လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ပစ်ခတ်မှုကို ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA တပ်ခွဲ (၁) တို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါတပ်ဖွဲ့တို့က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သား လေးဦးသေဆုံးကာ MA 3 သေနတ်လေးလက်နှင့် ကျည်ဘောက်၊ ကျည်ဆန်၊ ဗုံးသီး၊ လက်ကိုင်ဖုန်းများ သိမ်းဆည်းရမိကြောင်း ရုပ်သံနှင့် ဓာတ်ပုံမှတ်တမ်းတို့ဖြင့် ယနေ့ ဇူလိုင် ၂၄ ရက်တွင် ထုတ်ပြန်သည်။

ထုတ်ပြန်သည့် ရုပ်သံဖိုင်တွင် စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် အဖြူရောင်ကားတစ်စီး လမ်းဘေးထိုးကျကာ တိုက်ခိုက်သည့်တပ်ဖွဲ့ဝင်များက လက်နက်များ သွားရောက်ဖြုတ်ယူနေသည်ကို တွေ့ရသည်။

အဆိုပါ ပစ်ခတ်မှုအတွင်း (ဂ) ရပ်ကွက်တွင် နေထိုင်သည့် အသက် ၄၈ နှစ်အရွယ် ဦးသက်ဆွေ သေဆုံးပြီး ပစ်ခတ်မှုအနီးရှိ ဘုန်းကြီးကျောင်းက ရဟန်းတစ်ပါးနှင့် ကွမ်းယာဆိုင်က အမျိုးသမီးတစ်ဦးတို့မှာ ကျည်ထိမှန် ဒဏ်ရာရကြောင်း မြို့ခံတို့က ပြောဆိုသည်။

ဒဏ်ရသည့် ရဟန်းသည် ထားဝယ်ဆေးရုံတွင် ဆေးကုသနေစဉ် ယနေ့ ဇူလိုင် ၂၄ ရက်မနက်ပိုင်းတွင် ပျံလွန်တော်မူ သွားကြောင်း နီးစပ်သူများထံကသိရသည်။

“မဂျက်ဟား ကွမ်းယာဆိုင်မှာ ကွမ်းဝယ်နေတုန်းမှာ ပစ်ခတ်မှုဖြစ်ကြတယ်။ ‌နောက်ကျောဘက်ကထိတဲ့ ဘုန်းကြီးက အခု မနက် ပျံတော်မူလို့ ကျောင်းကိုပြန်သယ်လာတယ်။ မဂျက်ဟားကိုတော့ သူ့မိသားစုက ရန်ကုန်မှာ ဆေးတက်ကုဖို့ လုပ်နေ တယ်။ အခုကတော့ ထားဝယ်ဆေးရုံကြီးမှာပဲ” ဟု ရေဖြူမြို့ခံတစ်ဦးက ပြောသည်။

ပစ်ခတ်မှုအတွင်း အရပ်သားထိခိုက်သေဆုံးခဲ့ရမှုနှင့် ပတ်သက်၍ မေးမြန်နိုင်ရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာ သည့်ကားကို ပစ်ခတ်တိုက်ခိုက်ခဲ့သည့် တပ်ဖွဲ့နှစ်ခုစလုံးသို့ ဆက်သွယ်ထားသော်လည်း ယနေ့ နေ့လယ်ပိုင်းအထိ ပြန်လည်တုံ့ပြန်ဖြေကြား မရှိသေးပေ။

ထုတ်ပြန်ချက်တွင်မူ ပစ်ခတ်တိုက်မှုအတွင်း အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်ခန့်ကြာ ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။

ဇူလိုင်လ ၁၁ ရက်ကလည်း ရေဖြူမြို့အဝင် ဆိုင်းဘုတ်အနီးတွင် စစ်ကောင်စီတပ်သားလိုက်ပါလာသည့် ဟိုက်ဂျက် ကားတစ်စီး ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံးကာ လက်နက်နှင့်ကျည်များသိမ်းဆည်းရမိကြောင်း ယခုပစ်ခတ်မှုပြုလုပ်သည့် တပ်ဖွဲ့နှစ်ခုက သတင်းထုတ်ပြန်ထားသည်။