BREAKING
September 7, 2024

ကရသူရိမြို့ ကံမော်ကြီးရွာတွင် စစ်မှုထမ်းငှားရန် တစ်အိမ်ထောင်ကျပ်သုံးသောင်းကောက်ပြီး စာရင်းမရှင်းသေးဟုဆို

July 24, 2024

ပုံစာ-ကံမော်ကြီးရွာတစ်နေရာအား တွေ့ရစဉ်(ပုံဟောင်း)။ ဓာတ်ပုံ-ကံမော်ကြီးသား/သူများ ဆုံဆည်းရာ

ကော့သောင်းခရိုင် ကရသူရိမြို့ရှိ ကံမော်ကြီးရွာတွင် စစ်မှုထမ်းမည့်သူတစ်ဦးကို ငှားရမ်းရန်အတွက် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ်သုံးသောင်းကောက်ခံပြီး စာရင်းရှင်းလင်းခြင်းမရှိကြောင်း ဒေသခံအချို့ထံမှ သိရသည်။

စစ်မှုထမ်းတစ်ဦးကို ငွေကျပ်သိန်းငါးဆယ်ဖြင့် ငှားရမ်းရန်အတွက် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံရွှေအောင်က ဦးစီးပြီး ယခုလအစောပိုင်းက ငွေကြေးကောက်ခံခဲ့ကြောင်း ၎င်းတို့က ပြောသည်။

ထိုသို့ကောက်ခံရာတွင် အိမ်အလိုက်ကောက်ခံခြင်းမဟုတ်ဘဲ အိမ်ထောင်စုဝင် အရေအတွက်အလိုက် ကောက်ခံခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

ဥပမာအားဖြင့် နေအိမ်တစ်ဆောင်တွင် ဇနီးမောင်နှံ သုံးတွဲနေပါက ငွေကျပ်ကိုးသောင်းကောက်ခံခြင်းဖြစ်သည်။

ယင်းသို့ကောက်ခံရာတွင် သုံးရက်အချိန်ပေးထားပြီး ဆယ်အိမ်မှူးဖြစ်သူက လိုက်လံကောက်ခံခဲ့ကြောင်း အထက်ပါ အမျိုးသားက ပြောဆိုသည်။

“ရွာမှာ လာလုပ်စားနေတဲ့ ပဂံ (ဗမာ) တစ်ယောက်ကို ငှားလိုက်တာ။ ရွာက မရှိတဲ့သူတွေကတော့ ညည်းကြတာပေါ့။ သုံးရက်နဲ့ အပြီးကောက်တာဆိုတော့”ဟု ၎င်းက ပြောသည်။

ထိုသို့ ကျပ်သိန်းငါးဆယ်ဖြင့် စစ်မှုထမ်းမည့်အမျိုးသားကို ဇူလိုင်လ ၇ ရက်နေ့က ဘုတ်ပြင်းမြို့နယ် စစ်ကောင်စီထံ သွားရောက်ပို့ဆောင်လိုက်ကြောင်း အဆိုပါအမျိုးသားက ဆက်လက်ပြောဆိုသည်။

ကံမော်ကြီးရွာတွင် အိမ်ခြေ ၂၈၀ ခန့်ရှိသည့်အတွက် တစ်အိမ်လျှင် ကျပ်သုံးသောင်းကောက်ခံရရှိပါက အနည်းဆုံး ၈၄ သိန်းခန့်ရမည်ဖြစ်သည်။

ငွေကြေးကောက်ခံချိန်က ကျပ်သိန်းငါးဆယ်ထက်ပိုသည့်ငွေကို စာရင်းရှင်းတမ်းလုပ်ပေးမည်ဟု စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးက ပြောဆိုခဲ့သော်လည်း ဇူလိုင်လ ၂၃ ရက်အထိ စာရင်းရှင်းလင်းခြင်းမရှိသေးကြောင်း အထက်ပါအမျိုးသားက ဆိုသည်။

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက အဆိုပါရွာကို အင်အား ၅၀ ခန့်ပါသည့် စစ်ကောင်စီတပ်က စစ်သင်္ဘောဖြင့် ဝင်လာပြီး PDFများကို လာရှာသည်ဟုဆိုကာ ကင်းပုန်းလာဝပ်ချိန် ဒေသခံလူငယ် ၃ ဦးကို ရိုက်နှက်စစ်ဆေးခဲ့ဖူးသည်။

အဆိုပါကိစ္စကို ဒေသခံအချို့က မီဒီယာထံဆက်သွယ်ပြောဆိုသည်ဟုဆိုကာ ကံမော်ကြီးရွာ၏ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးစံရွှေအောင်အပါအဝင် အုပ်ချုပ်ရေးအဖွဲ့ဝင် ဆယ်ဦးခန့်ကို ဘာလိအော်ရွာရှိ တပ်စခန်းသို့ခေါ်ပြီး စစ်ကောင်စီတပ်က ခြိမ်းခြောက်ပြောဆိုခဲ့ဖူးသည်။