BREAKING
December 27, 2024

လောင်းလုံးတွင် စစ်ကြောင်းထိုးစဉ် ဖမ်းဆီးခံရသည့်ဒေသခံ ၃၀ နီးပါးပြန်လွတ်

July 24, 2024

လောင်းလုံးမြို့ အောက်ဘက်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးစဉ် ဖမ်းဆီးခံထားရသည့် ဒေသခံများ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အင်အား ၁၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်သည် ဇူလိုင်လ ၁၉ ရက်မှ ယနေ့ ၂၄ ရက်အထိ လောင်းလုံးမြို့မှ ကဒက်ကြီး ရွာအထိ စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်က ၆ ရက်ကြာ စစ်ကြောင်းထိုးစဉ် ဒေသခံပြည်သူ သုံးဆယ်နီးပါး ဖမ်းဆီးခံခဲ့ရပြီး ယနေ့ စစ်ကြောင်း ပြန်ဆုတ်သွားချိန်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“အားလုံးလွတ်ပြီ။ ဒီမနက် ဖမ်းထားတဲ့သူတွေလည်း အခု ၁၁ နာရီလောက်မှာ ပြန်လွတ်လာတယ်။ ညကလည်း တချို့ လွတ်ပေးလိုက်တယ်” ဟုဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် ပြန်ဆုတ်လာစဉ် ဇူလိုင် ၂၃ရက်တွင် လောင်းလုံးမြို့နှင့်ကပ်လျပ် ညင်းမော်ရွာသို့ ရောက်ရှိလာပြီး ညင်းမော်ရွာရှိ နေအိမ် ၁၀ ဆောင်နီးပါတွင် ညအိပ်တပ်စွဲခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။

“မိတ်ကပ်ဘူးကအစ ယူသွားတယ်။ အိမ်တစ်ဆောက်မှာဆိုရင် အိမ်ပေါ်မှာ ကျင်ငယ်စွန့်ခဲ့တယ်။ နောက် သူတို့ အဝတ်စားတွေ ချွတ်ခဲ့ပြီး ဒေသခံအဝတ်စားတွေနဲ့လဲ ဝတ်သွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါစစ်ကြောင်းသည် ဇူလိုင်လ ၁၉ ရက်တွင် ညင်းမော်ကျေးရွာအုပ်စု ရင်းဘုတ်ရွာလမ်းဆုံတွင် ပြည်သူ့ကာကွယ်‌ရေးတပ်နှင့် ထိတွေ့တိုက်ပွဲ တစ်ကြိမ်ဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးကာ ဒေသခံတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးစဉ် ပြင်ကျောင်းရွာနှင့် ‌ရင်းဘုတ်ရွာက နေအိမ် လေးဆောင်ကို မီးရှို့ဖျက်ဆီးခဲ့သည်။