BREAKING
September 19, 2024

သောက်ရေခွက်ပျောက်သဖြင့် ကလိန်အောင် တံတားစောင့်တပ်သားနှင့် ဒေသခံအမျိုးသမီးတို့ ခိုက်ရန်ဖြစ်

July 24, 2024

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ တံတားကြီးဂိတ်အနီးရှိ သဲအိတ်ဘန်ကာငယ်တွင် ဂိတ်စောင့်သည့် မောရဝတီ ရေတပ်မှ စစ်ကောင်စီတပ်သားတစ်ဦးနှင့် အမှတ် ၁ ရပ်ကွက်နေ အမျိုးသမီးတစ်ဦးတို့ ဇူလိုင်လ ၁၉ ရက်နေ့က ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့ရသည့် မြို့ခံများကပြောသည်။

ယင်းအမျိုးသမီး နေအိမ်နှင့် ဂိတ်သည် နီးကပ်ပြီး ၎င်းနေအိမ်မှ သောက်ရေခွက်ပျောက်သည့် ကိစ္စဖြင့် စကားများကြခြင်းဖြစ်ကြောင်း ၎င်းတို့ထံကသိရသည်။

“ရေခွက်ပျောက်တယ်ဆိုပြီး စစ်သားကို အသားခုတ်ဓားနဲ့ ထွက်ရမ်းတယ်။ စစ်သားကလည်းသူမယူဘူး ပြန်ငြင်းရင်း တစ်ယောက်တစ်ပေါက်နဲ့ စကားများကြတယ်။ အခြားစစ်သားတစ်ယောက်က မိုးပေါ်သေနတ်နှစ်ချက် ဖောက်လိုက်မှ ရန်ပွဲပြီးသွားတယ် ” ဟု ဖြစ်စဉ် မျက်မြင်တွေ့ရသည့် မြို့ခံအမျိုးသမီးကပြောသည်။

ခိုက်ရန်ဖြစ်ပြီးနောက် မောရဝတီရေတပ်က ယင်းအမျိုးသမီးအား လက်နက်ကိုင်ခြိမ်းခြောက်သည်ဟု အမှုဖွင့်၍ ကလိန်အောင်နယ်မြေရဲစခန်းက တစ်ရက်‌ကြာ ခေါ်ယူစစ်ဆေးခဲ့သေးသည်ဟု ယင်းအမျိုးသမီးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

” ရဲစခန်းရောက်သွားတယ်။ အမှုဖွင့်ထားတာတွေကိုတော့ မိရှင်ကြီး(စစ်ကောင်စီအရာရှိများ ကိုးကွယ်သည့်သီလရှင်ကြီး) နဲ့ ဆွေမျိုးတော်နေလို့ အာမခံပြန်ပေးပြီး ကျေအေးပေးလိုက်တယ်” ဟု ၎င်းကဆက်ပြောသည်။

ယခုနှစ် ဇွန်လကစ၍ ကလိန်အောင်တံတားဂိတ်တွင် မောရဝတီရေတပ်က စစ်သားများလာရောက် နေရာယူထားပြီး အမျိုးသားခရီးသွားများကို မကြာခဏ ရိုက်နှက်စစ်ဆေးမှုများ ပြုလုပ်လေ့ရှိသည်ဟု မြို့ခံများ နှင့် ခရီးသွားများထံက သိရသည်။