BREAKING
September 8, 2024

မလေးရှားသွားမည့် ကလေးသုံးဦးအပါအဝင် မြန်မာ ၈၀ကျော် ထိုင်းတွင်ဖမ်းဆီးခံရ

July 24, 2024

မလေးရှားနိုင်ငံသို့ သွားရောက်လုပ်ကိုင်ရန် တရားမဝင် ဝင်လာကြသော မြန်မာနိုင်ငံသား ၈၅ ဦး ထိုင်းနိုင်ငံ ဖက်ချ်ဘူရီခရိုင်တွင် ဇူလိုင်လ ၂၃ ရက်က ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဖက်ချ်ဘူရီခရိုင် ထာ့ယမ်ဒေသရှိ အိမ်တစ်ဆောင်၏ အနောက်က တောထဲတွင် နိုင်ငံခြားသားများ အုပ်စုလိုက် နေထိုင်နေကြသည်ဟု သတင်းပေးတိုင်ကြားလာသဖြင့် ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးစဉ် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ဆိုသည်။

ဖမ်းဆီးခံရသူ ၈၅ ဦးတွင် အမျိုးသား ၇၃ ဦး၊ အမျိုးသမီး ၉ ဦးနှင့် အရွယ်မရောက်သေးသော ကလေး သုံးဦး ပါဝင်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

အားလုံးကို စစ်ဆေးမေးမြန်းရန်အတွက် ထာ့မိုင်လိုဝက်ရဲစခန်းသို့ ခေါ်ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါမြန်မာများသည် မြဝတီမှ မဲဆောက်သို့ တရားဝင် ဝင်ရောက်လာပြီး ယင်းနောက် ပစ်ကပ်ကားသုံးစီးဖြင့် ထာ့ယမ်ဒေသသို့ တရားမဝင် ဝင်ရောက်လာခြင်းဖြစ်ကြောင်း မြန်မာများက ရဲတပ်ဖွဲ့သို့ ဖြေကြားထားသည်။

နောက်ထပ်ခရီးဆက်ရန် စောင့်ဆိုင်းနေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဆိုသည်။

အားလုံးသည် မလေးရှားသို့ သွားရန် ဝင်ရောက်လာကြပြီး ခရီးစဉ်အတွက် ကလေးတစ်ဦးအတွက် ဘတ် ၃၀၀၀၀ (ကျပ်သိန်း ၄၀ ဝန်းကျင်) ၊ လူကြီးတစ်ဦးအတွက် ဘတ် ၆၀၀၀၀ (ကျပ်သိန်း ၈၀ ဝန်းကျင်) အထိ မြန်မာပွဲစားများကို ပေးချေထားပြီးဖြစ်ကြောင်း ဝန်ခံထားသည်။

ဖမ်းဆီးခံရသူအားလုံးကို တရားမဝင် ဝင်ရောက်လာမှုဖြင့် အမှုဖွင့်အရေးယူထားပြီး ကလေးငယ်များကို လူငယ်စောင့်ရှောက်ရေးစင်တာသို့ ပို့ဆောင်သွားမည်ဖြစ်ကာ နောက်ပိုင်းတွင် နေရပ်ပြန်လည်ပို့ဆောင် မည်ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

ပြီးခဲ့သော ဇူလိုင်လ ၁၂ ရက်ကလည်း ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်တွင် ကုန်တင်ကားဖြင့် တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၁၁ ဦး ဖမ်းဆီးခံရသေးသည်။

Ref: Khaosod, Thai PBS, naewna, Daily News, MGR Online