BREAKING
January 16, 2025

ကံပေါက်ရွာထိပ်တွင် ကုန်တင်ကားတစ်စီးကို စစ်ကောင်စီတပ် ဖမ်းဆီး

July 24, 2023

ရေဖြူမြို့နယ်၊ ကံပေါက်ရွာအဝင်တွင် စစ်ကောင်စီတပ်သားများက ကုန်တင်ကားတစ်စီးကို ဖမ်းဆီးလိုက်ကြောင်း ကားသမားအသိုင်းအဝိုင်းထံမှ သိရသည်။

ဇူလိုင်လ ၂၃ ရက် မွန်းလွဲပိုင်းတွင် အဖမ်းခံရခြင်းဖြစ်ဖြစ်ပြီး ကားနှင့်အတူ အသက် ၃၀ ဝန်းကျင်အရွယ်ရှိ ကုန်တင်ကားပိုင်ရှင် ကိုဇော်ဦးနှင့် စပယ်ယာတို့ကိုလည်း ဖမ်းလိုက်ကြောင်း ၎င်းတို့ကဆိုသည်။

ကိုဇော်ဦးသည် ဇာဒီရွာသားတစ်ဦးဖြစ်ပြီး အခုနှစ်ဆန်းပိုင်းတွင် ကံပေါက်ရွာသူတစ်ဦးနှင့် အိမ်ထောင်ကျကာ ၆ ဘီးတပ်ကုန်တင်ကားဖြင့် မော်လမြိုင်-ကံပေါက် ကုန်စည်ပိုဆောင်နေသူဖြစ်ကြောင်း ဒေသခံတို့ကပြောသည်။

“ကားက ကံပေါက်ကနေ မော်လမြိုင်မြို့ကို တက်ဖို့ အထွက်မှာ အဖမ်းခံရတာ။ ကားပေါ်မှာ စက္ကူဖာတချို့ပါတယ်။ နှစ်ယောက်စလုံးကိုလက်ပြန်ကြိုးတုပ် ဒူးထောက်ပြီး အဖမ်းခံလိုက်ရတယ်။ ကားမှာတော့ စစ်ဆေးရင် ပြလို့ရအောင် ထောက်ခံစာတွေ ၊ မျှောစာတွေ အကုန်ပါတယ်။ ဘာအကြောင်းပြချက်နဲ့ အဖမ်းခံရလဲတော့မသိဘူး” ဟု ကားပိုင်ရှင်နှင့်နီးစပ်သည့် ဇာဒီရွာသားတစ်ဦးက ပြောသည်။

အဖမ်းခံထားရသည့် ကုန်တင်ကားကို ကံပေါက်နယ်မြေရဲစခန်းအနီးတွင် ထိန်းသိမ်းထားပြီး အဖမ်းခံထားရသည့် အမျိူးသား ၂ ဦး ကိုမူမည်သည့် နေရာတွင် ဖမ်းဆီးထားသည်ကို တိတိကျကျ မသိရသေးကြောင်းပြောဆိုကြသည်။

ကံပေါက်ရွာအဝင်တွင် ဇူလိုင်လ ၁၅ ရက်က မပေါက်ကွဲသေးသည့် မိုင်းတွေ့ပြီးနောက် အစစ်အဆေးတင်းကြပ်လျက်ရှိသည်။

ကံပေါက်ရွာအဝင် ဂန့်ဂေါ်တောင်ရပ်ကွက်တွင် စစ်ကောင်စီတပ်က နေရာသုံးခုခွဲကာ စစ်ဆေးနေခြင်းဖြစ်သည်။

ကားပေါ်ပါလာသည့် ကုန်ပစ္စည်းများနှင့်ပတ်သက်ပြီး မည်သည့်နေရာကဝယ်လာပြီး မည်သူ့ဆီပို့ဆောင်မည် စသည့်အချက်အလက်များကို မေးမြန်းစစ်ဆေးလေ့ရှိကြောင်း ခရီးသည်အချို့ကပြောသည်။

ကုန်ပစ္စည်းပို့မည့်နေရာ တိတိကျကျမပြောနိုင်ပါက သယ်ယူခွင့်မပေးကြောင်း ကားသမားအချို့ကဆိုသည်။

အထူးသဖြင့် ဆန်၊ဆီ စသည့် စားသောက်ကုန်များကို အဓိကထား စစ်ဆေးနေခြင်းဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်ကလည်း ကံပေါက်ဒေသမှ ဆန်သယ်သည့်ကားတစ်စီး ကံပေါက်ရွာအဝင်တွင် စစ်ကောင်စီတပ်သားများ၏ စစ်ဆေးသတိပေးခြင်းခံခဲ့ရသေးသည်။