အာယုဒါနအဖွဲ့၏ စက်ရုံမှထုတ်သည့် အောက်ဆီဂျင်မှာ လုံလောက်မှုမရှိဘဲ ပြတ်လပ်သွားခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။
အာယုဒါန ပါရမီမြောက်ကုသိုလ်ဖြစ် အရေးပေါ်အောက်ဆီဂျင် လှူဒါန်းရေးအဖွဲ့၏ စက်ရုံမှ ထွက်သည့်အောက်ဆီဂျင်ကို ထားဝယ်ဒေသအတွက် လှူဒါန်းနေခြင်းဖြစ်သည်။
အဆိုပါ စက်ရုံတွင် ၂၄ နာရီ စက်လည်ပတ်ပါက အောက်ဆီဂျင် ၄၀ လီတာအိုး အလုံးလေးဆယ် ထုတ်လုပ်နိုင်သည်။သို့ရာတွင် ထားဝယ်ဒေသအတွင်း အောက်ဆီဂျင်လိုအပ်ချက်မြင့်တက်လာပြီး ဇူလိုင်လ ၂၂ ရက်နေ့တွင် ပြတ်လပ်သွားခဲ့ ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။
အာယုဒါနစက်ရုံမှထွက်သည့် အောက်ဆီဂျင်ကို ထားဝယ်ဒေသရှိ ဆေးရုံများကို နေ့စဉ်ပုံမှန်လှူဒါန်းနေကြောင်း သိရသည်။ထိုကြောင့် လိုအပ်သည့်အောက်ဆီဂျင်အတွက် မြိတ်မြို့ရှိ စက်ရုံတွင် သွားဖြည့်ပြီး ပြန်လှူနေရကြောင်း အာယုဒါန ပါရမီမြောက်ကုသိုလ်ဖြစ် အရေးပေါ်အောက်ဆီဂျင် လှူဒါန်းရေးမှ ဦးအောင်မြင့်က ဆိုသည်။ထားဝယ်ဒေသအတွင်းသုံးရန် အောက်ဆီဂျင်မလောက်တော့သည့်အတွက် မြိတ်တွင် သွားဖြည့်နေရသည်မှာ လက်ရှိအချိန်အထိ ၄ ကြိမ်ရှိပြီဖြစ်ပြီး စုစုပေါင်းအောက်ဆီဂျင်အလုံးရေ ၃၈၀ ခန့်ရှိကြောင်း သိရသည်။
ထိုကြောင့် ထားဝယ်ဒေသအတွက် လိုအပ်နေသည့် အောက်ဆီဂျင်စက်အသစ်တစ်လုံးဝယ်ယူရန် စရံငွေပေးချေထားပြီးဖြစ်ကာ ဇူလိုင်လကုန်ပိုင်းတွင် ရောက်ရှိနိုင်ကြောင်း ၎င်းက ခန့်မှန်းသည်။
“စက်လာတဲ့အချိန်ဆိုရင်တော့ ဒီပြသနာတွေပြေလည်သွားလိမ့်မယ်၊ အခုတော့ မြိတ်ကိုပဲ အားကိုးမှ ရမှာ” ဟု ဦးအောင်မြင့်က ပြောသည်။အဆိုပါစက်အပြင် ကိုဗစ်ထိန်းချုပ်ကာကွယ်ရေးလူထုအခြေပြု အထောက်အကူပြုအဖွဲ့(ထားဝယ်)မှတစ်ဆင့် အလှူရှင်တစ်ဦးလှူထားသည့် အောက်ဆီဂျင်စက်တစ်လုံးလည်း သြဂုတ်လအတွင်း ရောက်လာနိုင်ကြောင်း အထောက်အကူပြုအဖွဲ့ထံမှ သိရသည်။
ထိုအောက်ဆီဂျင်စက်ကို ထားဝယ်ဆေးရုံဝင်းအတွင်း ထားရှိမည်ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ထားဝယ်မြို့ရှိ အာယုဒါနအဖွဲ့ပိုင် စက်ရုံရှိ အောက်ဆီဂျင်အိုးများကို စစ်တပ်က လာယူသွားသည်ဆိုသည့် ကောလဟလ သတင်းများ လည်း ပျံ့နှံ့နေခဲ့သည်။
အမှန်တစ်ကယ်ဖြစ်စဉ်မှာ ကိုဗစ်ထိန်းချုပ်ကာကွယ်ရေးလူထုအခြေပြု အထောက်အကူပြုအဖွဲ့က လှူဒါန်းသည့် အောက်ဆီဂျင် အိုးခွံများရောက်ရှိလာချိန်တွင် စစ်သားများက လာရောက်ပြီး လုပ်အားကူညီခြင်းသာဖြစ်ကြောင်း အာယုဒါနထံမှ သိရသည်။
လက်ရှိတွင် အဖွဲ့ပိုင် အိုးအကြီး ၁၅၀ လုံး၊ မြိတ်မြို့မှ ငှားရမ်းထားသည့် ၅၀ လုံးနှင့် ထားဝယ်မြို့ရှိ ပုဂ္ဂလိက အောက်ဆီဂျင် အရောင်းနှစ်ဆိုင်မှ အိုး ၇၀ လုံးရှိကြောင်း အာယုဒါနအဖွဲ့ထံမှ သိရသည်။
အောက်ဆီဂျင်နှင့် ပတ်သက်၍ အာယုဒါနအဖွဲ့ထံ အလှူငွေလှူဒါန်းလိုပါက 09 49851121 နှင့် 09 428740898 ထံ ဆက်သွယ်နိုင်ကြောင်း သိရသည်။