BREAKING
October 19, 2024

မြန်မာလုပ်သားများ၏ ထိုင်းဘဏ်အကောင့်များ အလွဲသုံးစားလုပ်ခံရမှုများလာ၊ ဘဏ်အကောင့်ဖွင့်လျှင် သတိထားရန်ပြော

June 24, 2024

ပုံစာ - ထိုင်းရောက်မြန်မာလုပ်သားများ။ ဓာတ်ပုံ - AP

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ၏ ထိုင်းဘဏ်အကောင့်များကို အလုပ်ရှင်နှင့်ကြားခံပွဲစားတို့က အလွဲသုံးစားလုပ်မှု များလာသဖြင့် မြန်မာအလုပ်သမားများက ၎င်းတို့၏ အချက်အလက်များပေး၍ ဘဏ်အကောင့်များ အလွယ်တကူ ဖွင့်ခွင့် မပြုကြရန် မြန်မာအလုပ်သမားအရေးဆောင်ရွက်သူတို့က ပြောသည်။

မြန်မာအလုပ်သမားများ၏ ဘဏ်အကောင့်များဖြင့် ငွေကြေးခဝါချမှုများ၊ အွန်လိုင်းလောင်းကစားပြုလုပ်မှုများ ပြုလုပ်ထား သည်ဟုဆိုကာ မြန်မာအလုပ်သမားများ ဖမ်းဆီးခံရမှုများ ရှိနေကြောင်း ၎င်းတို့က ဆိုသည်။

ငွေကြေးခဝါချထားသည်ဟု သံသယရှိသော ဘဏ်အကောင့်များကို စစ်ဆေးလိုက်ရာ မြန်မာအလုပ်သမားများ၏ အချက် အလက်များ တွေ့ရသဖြင့် ဖမ်းဆီးခံရမှုများ ဆက်တိုက်ကြုံတွေ့လာရကြောင်း AAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။

ထို့ကြောင့် မြန်မာအလုပ်သမားများ၏ ဘဏ်အကောင့်များကို အလုပ်ရှင်နှင့် အခြားသော ပွဲစားများက သိမ်းဆည်းထားမည် ဆိုပါက ဘဏ်အကောင့် ဖွင့်ခွင့်မပြုကြရန် AAC မဟာမိတ်အဖွဲ့က ဒါရိုက်တာ ဦးခိုင်ကြီးက ပြောဆိုသည်။

“ကို့ယ်ဘဏ်(အကောင့်) ကို သိမ်းသွားမယ်ဆိုရင် လုံးဝ ဘဏ်အကောင့်ကို ပေးမဖွင့်ပါနဲ့လို့ အလုပ်သမားတွေ သိအောင် မှာချင်တာပါ။ တကယ်လို့ အဲဒီဘဏ်စာအုပ်က ကိုယ့်လက်ထဲ ကျန်ခဲ့မယ်ဆို ဖွင့်လို့ရတယ်။ ဘဏ်စာအုပ်လည်း ယူသွားမယ်၊ ဖုန်းကတ်၊ ATM ကတ်တွေပါ ယူသွားမယ်ဆိုရင် လုံးဝ လက်မခံဖို့ပါ” ဟု ၎င်းက ပြောသည်။

ယခုနှစ်အတွင်း ဘဏ်အကောင့်မှတစ်ဆင့် ငွေကြေးခဝါချမှုပုဒ်မဖြင့် ဖမ်းဆီးခံထားရသော မြန်မာအလုပ်သမားသုံးဦးရှိနေပြီး တရားရင်ဆိုင်နေရဆဲဖြစ်ကြောင်း ဦးခိုင်ကြီးက ပြောဆိုသည်။

ဖမ်းဆီးတရားစွဲခံရသူများ၏ ဘဏ်အကောင့်များမှာ SCB (ထိုင်းဖာနစ်) နှင့် ကစီကွန် (K bank) များတွင် ဖွင့်ထားသော ဘဏ်အကောင့်များဖြစ်နေကြောင်း AAC မဟာမိတ်အဖွဲ့နှင့် WAG အဖွဲ့များထံမှ သိရသည်။

ထိုင်းနိုင်ငံသို့ နှစ်နိုင်ငံသဘောတူစာချုပ် MoU စနစ်ဖြင့် တရားဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမားများကို ဘဏ်အကောင့်အသစ်များ ဖွင့်ပေးပြီး ယင်းအကောင့်များကို အသုံးပြုကာ အလွဲသုံးစားလုပ်မှု အများဆုံး ကြုံတွေ့နေရ ကြောင်း မြန်မာအလုပ်သမားအရေးကူညီနေသည့် အဖွဲ့အစည်းများထံမှ သိရသည်။

အသစ်ရောက်ရှိလာသော မြန်မာအလုပ်သမားများအား ဘဏ်အကောင့်ရှိမှ အလုပ်ဝင်ရမည်ဟုပြောဆိုပြီး ဘဏ်ရုံးသို့ ခေါ်သွားကာ လူကိုယ်တိုင် ဘဏ်အကောင့်များ ဖွင့်ပေးပြီးနောက် ဘဏ်စာအုပ်၊ Mobile Banking၊ ဖုန်းဆင်းကတ်များကို အလုပ်ရှင်နှင့် ပွဲစားများက သိမ်းထားခဲ့ကြောင်း အဆိုပါအဖွဲ့များထံမှ သိရသည်။

စက်ရုံများအတွင်း အလုပ်လုပ်နေရင်း မိမိနှင့်အတူ ဘဏ်စာအုပ်ပြုလုပ်ထားသူများကို တစ်ဦးချင်း လာရောက်ဖမ်းဆီးခံရမှသာ ကြောက်လန့်ပြီး လာရောက်အကူအညီတောင်းခံခဲ့ကြကြောင်း AAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။

“အလုပ်သမားတွေက သူတို့ဘဏ်အကောင့်တွေကို စက်ရုံထဲ ပေးမယ်ဆိုလို့ ပေးလိုက်ကြတာ။ ဒါပေမဲ့ သူ့သူငယ်ချင်းတွေ ထဲမှာ လာဖမ်းတဲ့အချိန်ကျတော့ ကြောက်ရွံ့ပြီး အကူအညီလာတောင်းတာပေါ့။ ဘဏ်အကောင့်အတူတူဖွင့်တဲ့လူတွေ ဖမ်းသွားပြီ။ ဒါကြောင့် ဘဏ်တွေသွားပြီး ဘဏ်အကောင့်တွေ ပြန်ပိတ်မှ (တခြားလူ သုံးနေမှန်း) သိရတာ” AAC မဟာမိတ်အဖွဲ့က ဒါရိုက်တာ ဦးခိုင်ကြီးက ပြောသည်။

လက်ရှိအချိန်အထိ ဘဏ်အကောင့်ဖွင့်ပြီး ဘဏ်စာအုပ်အသိမ်းခံထားရသော မြန်မာအလုပ်သမား ၁၀၀ ကျော်ရှိနေပြီး အလွဲသုံးစား ပြုလုပ်ခံရမည် စိုးရိမ်သဖြင့် ကူညီဖြေရှင်းပေးနေရဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။

အလွဲသုံးစား အလုပ်ခံထားရသော ဘဏ်အကောင့်တစ်ခုကို စစ်ဆေးစဉ် ဘတ်သန်းပေါင်း ၁၂၀ အထိ ငွေကြေး အဝင်အထွက်ရှိနေကြောင်း မြန်မာအလုပ်သမားကူညီရေးအဖွဲ့ (WAG) ထံမှ သိရသည်။

ဆောက်လုပ်ရေးတွင် အလုပ်ဝင်ရန်ဟုဆိုကာ မြန်မာအလုပ်သမား ၃၈ ဦးကို တစ်ဦးလျှင် ထိုင်းဘဏ်နှစ်ခုစီ ဖွင့်ပေးခဲ့ပြီး အလုပ်ရှင်က ဘဏ်စာအုပ်၊ ဖုန်းဆင်းကတ်၊ ATM ကတ်များကို သိမ်းထားခဲ့ကြောင်း WAG အဖွဲ့က ကိုမုန်တိုင်းက ဆိုသည်။

“ဒီဘဏ်စာအုပ်တွေသုံးပြီး အွန်လိုင်းလောင်းကစားတွေ လုပ်နေတာ သိတာတယ်။ အလုပ်သမားတွေရဲ့ အကောင့်ထဲမှာ မိနစ်ပိုင်း အတောအတွင်း ငွေအဝင်အထွက်ရှိနေတယ်။ ငွေဝင် ငွေထွက်တအားကြမ်းတယ်။ ဒါနဲ့ပက်သက်ပြီး အဖမ်းခံရတဲ့ အခြေအနေမျိုးအထိ ဖြစ်ခဲ့တယ်။ ဒါကြောင့်အလုပ်သမားတွေက ကူညီပေးဖို့ဆိုပြီးလာတိုင်ထားတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သော မေလက မြန်မာ MoU အလုပ်သမားတစ်ဦး သူကိုယ်တိုင်ပင် မသိလိုက်ပဲ ဘဏ်ထဲတွင် ငွေဘတ် သိန်း ၂၀ ကို အွန်လိုင်းလောင်းကစားအတွက် ထုတ်ယူထားသည်ဟုဆိုကာ ဖမ်းဆီးခံထားရကြောင်း ၎င်းက ပြောဆိုသည်။

ထို့ကြောင့် မြန်မာနိုင်ငံသားများ၏ ဘဏ်အကောင့်များကို အလွဲသုံးစားပြုလုပ်ပြီး ငွေကြေးခဝါချမှု၊ အွန်လိုင်းလောင်းကစား ပြုလုပ်သည်ဟု စွပ်စွဲချက်များဖြင့် ဖမ်းဆီးခံရမှုများလည်း ဆက်တိုက် ကြုံတွေ့လာရသဖြင့် ဘဏ်အကောင့်များကို အလုပ်ရှင် နှင့် ကြားခံပွဲစားများကို အလွယ်တကူ ဖွင့်ခွင့်မပြုကြရန် အလုပ်သမားအဖွဲ့အစည်းများက တိုက်တွန်းထားသည်။