ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာအုပ်စုဘက်ခြမ်းသို့ ဇွန်လ ၂၃ရက် ည ၁ဝနာရီဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ မောရဝတီရေတပ်စခန်းဌာနချုပ်နှင့် ဇာဒီချောင်းဝအနီးရှိ စစ်သင်္ဘောတို့က လက်နက်ကြီးများပစ်ခတ်ကြောင်း ရွာသားများက ပြောသည်။
လက်နက်ကြီးဖြင့် ပစ်ခတ်နေမှုကြောင့် ဇွန် ၂၄ ရက်တွင် ရွာသားများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း ၎င်းတို့က ဆိုသည်။
“အုန်းပင်ကွင်း မောရဝတီဘက်က ၁၁ ချက် ပစ်တယ်။ ပင်လယ်ထဲက သင်္ဘောက ၆ ချက်ပစ်တယ်။ ညက လက်နက်ကြီးမီးရောင်တွေ မြင်ရတယ်။ ဒါပေမဲ့ ဘယ်မှာကျတယ်ကတော့ အတိကျမပြောနိုင်ဘူး” ဟု ဇာဒီရွာသားတစ်ဦးက ပြောသည်။
ပစ်ခတ်မှုကြောင့် လူထိခိုက်သေဆုံးမှု ရှိ မရှိ မကြားရသေးကြောင်း ၎င်းက ပြောဆိုသည်။
ယင်းအပြင် ဇာဒီကျေးရွာအုပ်စုမှ ကံပေါက်ရွာသို့ သွားသည့် လမ်းကြောင်းနှစ်ခုရှိ ပယရွာနှင့် မော်ကြီးရွာတို့တွင်ဇွန်လ ၁၈ ရက်ကစ၍ မောရဝတီရေတပ်က စစ်ကောင်စီတပ်သားများ လာရောက်နေရာယူထားကြောင်း ရွာသားများထံမှ သိရသည်။
ဇာဒီရွာတွင် ပြီးခဲ့သည့် မေလ ၁၅ ရက်ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မောရဝတီရေတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ်တစ်လုံးထိမှန်ကာ မောင်နှမနှစ်ဦး သေဆုံးခဲ့သည် ။