၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းနေ့တစ်နေ့ ။
ဥရောပတိုက်အရှေ့ပိုင်းတနေရာက အနှစ် ၁၀၀ ကျော် သက်တမ်းရှိတဲ့ အကျဉ်းထောင်ကြီးရဲ့ အခန်းတစ်ခုထဲမှာ နေရောင်ခြည်ဟာ ပန်းချီဆရာမတစ်ယောက်ရဲ့ မျက်နှာပေါ်ကို ဖြာဆင်းနေခဲ့တယ်။
သံဆူးကြိုးတပ်ထားတဲ့ အကျဉ်းထောင်တံတိုင်းတွေကြားထဲ ရက်ရက်ရောရော ထိုးကျနေတဲ့ နေရောင်ခြည်အောက်မှာ တီရှပ်ပွပွကြီးတွေ ဝတ်ထားတဲ့ ကမ္ဘာပေါ်က အပျော်ရွှင်ဆုံး လူငယ်လေးတွေဟာ ဘီယာသောက်ရင်း စကားဖောင်ဖွဲ့နေကြတယ်။
ပန်းချီဆရာမက ပြောတယ်။
“ပါရီ၊ တိုကျို၊ လန်ဒန်လို အခြားမြို့ကြီးတွေက သူငယ်ချင်းတွေနဲ့ စကားပြောကြည့်တဲ့အခါ ကျွန်မမှာ ဒီလို ကိုယ်ပိုင်နေရာလေး ရှိနေတာ ဘယ်လောက်ကံကောင်းမှန်း သဘောပေါက်သွားတယ်”
လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော်က ဇာဘုရင်လက်ထက် ရုရှားအင်ပါယာရဲ့ ဖိနှိပ်ရေးယန္တရားအောက်မှာ ခွေးသွားစိတ်အဖြစ်နဲ့ တည်ဆောက်ခဲ့တဲ့ ဒီအကျဉ်းထောင်ဟာ သက္ကရာဇ်အသစ်တွေ ခေတ်အဆက်ဆက် မွေးဖွားပြီးနောက် အခုချိန်မှာတော့ အနုပညာရှင်တွေ အလုပ်လုပ်တဲ့ နေရာအဖြစ် အသွင်ပြောင်းနေခဲ့ပြီ။
ဒီအကျဉ်းထောင်တည်ရှိရာ ဥရောပတိုက်အရှေ့ပိုင်းက လူသိပ်မသိကြတဲ့ တိုင်းပြည်လေးဟာ ဆိုဗီယက်လက်အောက်ကနေ လွတ်မြောက်ဖို့ “သီချင်းဆိုတော်လှန်ရေး”ကို ဆင်နွှဲခဲ့တယ်။
အဲဒီနောက်မှာတော့ ၁၉၉၀ ခုနှစ်မှာ အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်လာခဲ့တယ်။ နောက်အနှစ် ၃၀ ကျော်အကြာ ၂၀၂၄ ခုနှစ်မှာတော့ ကမ္ဘာပေါ်မှာ လူငယ်အဖြစ် ရှင်သန်ဖို့ အကောင်းဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံခဲ့ရတယ်။ အဲဒီနိုင်ငံဟာ ဥရောပတိုက်အရှေ့ပိုင်းက ဘောလ်တစ်နိုင်ငံတစ်ခုဖြစ်တဲ့ လစ်သူယေးနီးယားပါပဲ။
နှစ်စဉ်ထုတ်ပြန်လေ့ရှိတဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ ပျော်ရွှင်မှုအဆင့် အစီရင်ခံစာဟာ ၂၀၂၄ ခုနှစ် မတ်လမှာ ထွက်ရှိလာခဲ့ပါတယ်။
ထုံးစံအတိုင်း ဖင်လန်၊ ဒိန်းမတ်၊ အိုက်စလန်၊ ဆွီဒင်တို့လို စကင်ဒီနေးဗီးယန်းနိုင်ငံတွေက ဇယားထိပ်ဆုံးမှာ နေရာယူထားခဲ့ပေမယ့် မထင်မှတ်ထားတဲ့ နိုင်ငံအချို့က ဇယားထိပ်ဆုံးပိုင်းကို ဖြေးဖြေးမှန်မှန် ချဉ်းကပ်ခုန်တက်လာနေခဲ့ပါတယ်။
စစ်တမ်းတွေအရ ပြီးခဲ့တဲ့ သုံးနှစ်တာကာလအတွင်း ကမ္ဘာ့နိုင်ငံတွေရဲ့ ပျမ်းမျှပျော်ရွှင်မှုအဆင့်သတ်မှတ်ချက်မှာ ဥရောပတိုက်အလယ်ပိုင်းနဲ့ အရှေ့ပိုင်းနိုင်ငံတချို့ဟာ အိမ်နီးချင်းအနောက် ဥရောပနိုင်ငံတွေကို ကျော်တက်လာခဲ့ပါတယ်။
ချက်သမ္မတနိုင်ငံနဲ့ လစ်သူယေးနီးယားနိုင်ငံတို့ဟာ ပထမဆုံးအကြိမ်အနေနဲ့ ကမ္ဘာ့အပျော်ရွှင်ဆုံး နိုင်ငံ ၂၀ စာရင်းထဲ ပါဝင်လာခဲ့ပါတယ်။
ချက်နိုင်ငံက အဆင့် ၁၈ မှာ နေရာယူပြီး လစ်သူယေးနီးယားနိုင်ငံက အဆင့် ၁၉ ချိတ်ခဲ့တယ်။ အနောက်ဥရောပနိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ယူကေ အဆင့် ၂၀ ၊ ဂျာမနီ အဆင့် ၂၄ ၊ စပိန် အဆင့် ၃၆ နဲ့ အီတလီက အဆင့် ၄၁ မှာ အသီးသီးရှိနေတာကို တွေ့ရပါတယ်။ အံ့အားသင့်စရာအနေနဲ့ ကမ္ဘာပေါ်မှာ အသက် ၃၀ အောက်လူငယ်တွေ အပျော်ရွှင်ဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံလိုက်ရတာကတော့ လစ်သူရေးနီးယားနိုင်ငံ ဖြစ်နေပါတယ်။
လွတ်လပ်ရေးရပြီးချိန်ကစလို့ ပြီးခဲ့တဲ့ ဆယ်စုနှစ်ကာလတွေအတွင်း သူတို့ရဲ့ ဘဝအရည်အသွေး တိုးတက်ကောင်းမွန်လာခဲ့တယ်လို့ လစ်သူယေးနီးယားနိုင်ငံသားတွေက ဖော်ပြကြပါတယ်။ ခရီးသွားလုပ်ငန်းတစ်ခုကို တည်ထောင်ထားတဲ့ လစ်သူယေးနီးယားနိုင်ငံသူ Jurga Rubinovaite က သူတို့နိုင်ငံမှာ လူအများစု အထူးသဖြင့် လူငယ်မျိုးဆက်တွေ တကယ်စိတ်ချမ်းသာပျော်ရွှင်ကြတယ်ဆိုတာကို အခုလို ပြောပြပါတယ်။
“ယူကရိန်းစစ်ပွဲက ဘောလ်တစ်နိုင်ငံတွေအထိ ကူးစက်ပြန့်ပွားလာနိုင်ခြေတွေကို ပြောသံဆိုသံတွေ တချိန်လုံးကြားနေရပေမယ့် ပြည်သူတွေဟာ ဘယ်တုန်းကနဲ့မှ မတူဘဲ ဘဝကို တန်ဖိုးထားပျော်ရွှင်နေကြပုံပါပဲ”
ဒါဟာ ၁၉၉၀ ခုနှစ် လွတ်လပ်ရေးရချိန်ကစပြီး လစ်သူယေးနီးယားနိုင်ငံမှာ တိုးတက်ပွင့်လန်းလာတဲ့ လွတ်လပ်စွာ ပညာသင်ယူခွင့်၊ လွတ်လပ်စွာ အလုပ်လုပ်ကိုင်ခွင့်နဲ့ လွတ်လပ်စွာ ခရီးသွားလာခွင့်တွေကြောင့်ပဲလို့ သူမက မှတ်ချက်ပေးပါတယ်။
“လူငယ်မျိုးဆက်တွေက လစ်သူယေးနီးယားနိုင်ငံ လွတ်လပ်ရေးမရခင်အချိန်က ဘဝမျိုးကို မကြုံဖူးခဲ့ကြဘူး။ သူတို့မိဘတွေ ဘိုးဘွားတွေ ပြောပြတဲ့ ဇာတ်ကြောင်းတွေကိုပဲ ကြားဖူးကြတယ်။ အဲဒါဟာ ဒီနေ့ခေတ်မှာ လစ်သူယေးနီးယားက လူတွေ ပိုစိတ်ချမ်းသာပျော်ရွှင်နေရတဲ့အကြောင်းရင်းတွေထဲကတစ်ခုလို့ ကျွန်မ ထင်တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့တွေ ဒီဘက်ခေတ်မှာ ဖောဖောသီသီ ရနေတာတဲ့ အရင်ခေတ်မှာ မရနိုင်တဲ့အရာတွေကို သူတို့ တန်ဖိုးထားကြလို့ပဲ”
လစ်သူယေးနီးယားနိုင်ငံရဲ့ ကလေးမီးဖွားခွင့်ရက်ရှည်ပေးတဲ့ မူဝါဒကိုလည်း သူမက ချီးကျူးခဲ့ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် လစာနဲ့ ခွင့်ရက် ၁၂၆ ရက်အထိ ပေးထားပြီး မိခင်နဲ့ ကလေးကို ပြုစုစောင့်ရှောက်နိုင်အောင် ဖခင်တွေအတွက် ခွင့်ရက် ၃၀ ပေးထားပါတယ်။ ဒါဟာ လက်ရှိကမ္ဘာပေါ်မှာ အများဆုံးပေးထားတဲ့ ခွင့်ရက် ဖြစ်ပါတယ်။
၁၉၁၈ ခုနှစ်မှာ ဇာဘုရင်ရဲ့ ရုရှားအင်ပါယာလက်အောက်ကနေ လွတ်လပ်ရေးရလာပြီးနောက် အနှစ်နှစ်ဆယ်အကြာမှာပဲ ဆိုဗီယက်ယူနီယံလက်အောက်ကို ပြန်ကျရောက်သွားခဲ့ရတဲ့ နိုင်ငံငယ်လေးဟာ ၁၉၉၀ ခုနှစ်မှာတော့ လုံးဝလွတ်လပ်ရေးရသွားခဲ့ပါတယ်။
မျက်မှောက်ခေတ် လစ်သူယေးနီးယားနိုင်ငံဟာ လွတ်လပ်ရေးမရခင်ကာလတုန်းကထက် အများကြီး တိုးတက်ပြောင်းလဲသွားခဲ့ပါပြီ။ တိုင်းပြည်ရဲ့ တစ်ဦးချင်းဝင်ငွေကလည်း လွတ်လပ်ရေးမရခင်ကာလတုန်းကထက် လေးဆတိုးလာခဲ့ပါတယ်။
နည်းပညာကဏ္ဍမှာလည်း အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့တာ Vinted နဲ့ Nord Security တို့လို ကမ္ဘာကျော်ကုမ္ပဏီကြီးတွေ ပေါ်ထွက်လာတဲ့အထိပါပဲ။
လူငယ်တွေဟာ တက္ကသိုလ်ပညာရေးကို အခမဲ့သင်ယူခွင့်ရကြပြီး နိုင်ငံသားအားလုံးရဲ့ ထက်ဝက်ကျော်ဟာ တက္ကသိုလ်ပညာရေးဆည်းပူးထားသူတွေ ဖြစ်ကြပါတယ်။ လစ်သူရေးနီးယားနိုင်ငံရဲ့ တက္ကသိုလ်ပညာရေးပြီးဆုံးထားသူ အရေအတွက်ဟာ အခြားဥရောပနိုင်ငံတွေရဲ့ ပျမ်းမျှအရေအတွက်ထက် ပိုမြင့်ပါတယ်။
အခြားဥရောပနိုင်ငံတွေမှာလို ကျောင်းလခအတွက် အကြွေးတင်နေရတာမျိုးမရှိသလို ဘွဲ့ယူပြီးနောက် အလုပ်မရမှာကို စိုးရိမ်နေပုံမရတဲ့ အသက် ၂၃ နှစ်အရွယ် တက္ကသိုလ်ကျောင်းသား Gantas Bendikas က အခုလို ပြောပါတယ်။
“ပြဿနာတွေဆိုတာက နိုင်ငံတိုင်းမှာ ရှိပါတယ်။ ကျွန်တော့်အထင် ဒီက လူငယ်အတော်များများက ကိုယ့်နိုင်ငံကို တကယ်ချစ်ကြတယ်။ အထူးသဖြင့် ဗီးလ်နီးယပ်မြို့မှာဆိုရင် ကျန်တဲ့ဥရောပတိုင်းပြည်တွေထက် ဘဝက ပိုသာယာတယ်လို့ ခံစားရတယ်”
သူ့သူငယ်ချင်းဖြစ်သူကတော့ လစ်သူယေးနီးယားဟာ အနည်းငယ်ငြီးငွေ့စရာကောင်းတယ်လို့ စောဒကတက်ပါတယ်။ သူ ကိုယ်တိုင်ကလည်း လစ်သူယေးနီးယားမှာ ဘဝကို အခြေမချခင်က အခြားတိုင်းပြည်တွေဆီ ခရီးထွက်ပြီး လေ့လာကြည့်ဖို့ စိတ်အားထက်သန်နေခဲ့ဖူးပါတယ်။ ဗီးလ်နီးယပ်စ်မြို့တော် ခရီးသွားအာဏာပိုင်အဖွဲ့ကတော့ လစ်သူယေးနီးယားနိုင်ငံကို ဥရောပရဲ့ G-spot လို့ ခပ်နောက်နောက် ကင်ပွန်းတပ်ထားပါတယ်။ အကြောင်းကတော့ လစ်သူယေးနီးယားနိုင်ငံ ဘယ်နားမှာ ရှိတယ်ဆိုတာကို ဘယ်သူမှ မသိကြလို့ပါပဲ။
၂၀၁၉ ခုနှစ် စစ်တမ်းတစ်ခုအရ ဗြိတိန်နိုင်ငံသား ၅ ရာခိုင်နှုန်းကသာ လစ်သူယေးနီးယားနိုင်ငံရဲ့ တည်နေရာနဲ့ မြို့တော်နာမည်ကို သိကြပါတယ်။ ရွေးကောက်ပွဲမှာ ခွက်စောင်းခုတ်တိုက်ခိုက်မှုတွေ ပြည့်နှက်နေပြီး အိမ်ခြံမြေဈေးခေါင်ခိုက်နေသလို၊ ကျောင်းသားတွေမှာ ကျောင်းလခအကြွေးတင်နေရတဲ့ ယူကေလို နိုင်ငံမျိုးနဲ့ စာရင် တည်ငြိမ်တိတ်ဆိတ်တဲ့ လစ်သူယေးနီးယားနိုင်ငံက ပိုနေချင့်စဖွယ် ဖြစ်နေပါတယ်။
နှစ်စဉ်နှစ်တိုင်းကျင်းပနေကျဖြစ်တဲ့ လစ်သူယေးနီးယားသီချင်းဆိုပွဲတော်ဟာ ၂၀၂၄ ခုနှစ်မှာ သက်တမ်း နှစ် ၁၀၀ ပြည့်မှာ ဖြစ်ပါတယ်။ ဆိုဗီယက်ယူနီယံလက်အောက်ခံဘဝ လွတ်လပ်ရေးတိုက်ပွဲတွေကနေ ပေါက်ပွားလာတဲ့ ဒီပွဲတော်ဟာ ယူနက်စကိုရဲ့ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းမှာ ထည့်သွင်းခံထားရပါတယ်။
ဗီးလ်နီးယပ်စ်မြို့မှာ နေထိုင်တဲ့ Raminta Lilaitė-Sbalbi ဆိုသူ အမျိုးသမီးက ဒီပွဲတော်ဟာ “ရာနဲ့ချီတဲ့ တေးသံစုံကျူးအဖွဲ့တွေ ၊ ထောင်နဲ့ချီတဲ့ လူတွေ လဟာပြင်စတိတ်စင်ကြီးပေါ်မှာ သံပြိုင်သီချင်းဆိုနေကြတာကို မျက်မြင်ကိုယ်တွေ့ခံစားနားဆင်ဖို့ လေးနှစ်ကြာမှ တစ်ခါရတဲ့ အခွင့်အရေးပဲ” လို့ ပြောပါတယ်။
“ဆိုဗီယက်လက်အောက်ခံဘဝမှာ လစ်သူယေးနီးယားအမျိုးသားသရုပ်လက္ခဏာကို ထိန်းသိမ်းပေးခဲ့တဲ့အတွက် ဒီသီချင်းဆိုပွဲတော်က ကျွန်မတို့အားလုံးအတွက် အင်မတန် အရေးပါတယ်။ ဒါကြောင့်ပဲ ‘သီချင်းဆိုတော်လှန်ရေး’လို့ နာမည်ပေးခဲ့ကြတာလေ”
ဗီးလ်နီးယပ်စ်မြို့မှာ နေထိုင်တဲ့ Raminta Lilaitė-Sbalbi ဆိုသူ အမျိုးသမီးကတော့ သူမဟာ မြို့တော်ရဲ့ တက်ကြွအသက်ဝင်နေတဲ့ ယဉ်ကျေးမှုပွဲလမ်းသဘင်တွေကြောင့် စိတ်ချမ်းသာပျော်ရွှင်ရတယ်လို့ ပြောပါတယ်။
အထူးသဖြင့် သဘာဝရှုခင်းနေရာတွေနဲ့ နီးနီးစပ်စပ်တည်ရှိနေတဲ့ မြို့ရဲ့ အနေအထား၊ မြို့ခံတွေရဲ့ နွေးထွေးကြိုဆိုတတ်တဲ့ စိတ်အခံနဲ့ ဘဝတက်လမ်းအတွက် အခွင့်အလမ်းတွေ ပြည့်နှက်ပြီး တီထွင်ဆန်းသစ်ဖန်တီးဖို့ ရေခံမြေခံကောင်းဖြစ်မှု စတာတွေကြောင့် ဗီးလ်နီးယပ်စ်မြို့မှာ နေထိုင်ရတာ နှစ်သက်ကြောင်း သူမက ပြောပါတယ်။
လစ်သူယေးနီးယားနိုင်ငံသားတွေဟာ နိုင်ငံအရေးအရာကိစ္စတွေမှာလည်း တက်တက်ကြွကြွ စိတ်ဝင်စားကြပါတယ်။
နောက်ဆုံးကျင်းပပြီးစီးသွားတဲ့ ၂၀၁၉ ဥရောပသမဂ္ဂပါလီမန်ရွေးကောက်ပွဲမှာ လာရောက်မဲပေးသူအရေအတွက်က ၅၃.၄၈ ရာခိုင်နှုန်းရှိပါတယ်။ ဒါဟာ အခြားဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးမှာ မဲပေးသူအရေအတွက်က ၅၀.၆၆ ရာခိုင်နှုန်းပဲ ရှိပြီး လစ်သူယေးနီးယားနိုင်ငံရဲ့ ကိန်းဂဏန်းက ပိုများပါတယ်။
ယူကရိန်းစစ်ပွဲအရေး အနောက်နိုင်ငံအချို့မှာ သွေးအေးကောင်း သွေးအေးသွားနိုင်ကြပေမယ့် လစ်သူယေးနီးယားနိုင်ငံသားတွေအဖို့တော့ ရုရှားအန္တရာယ်ရဲ့ ခြိမ်းခြောက်မှုက သူတို့တိုင်းပြည်လေး အပေါ်ရှိနေဆဲပါ။
ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလမှာ လစ်သူယေးနီးယားပြည်ထဲရေးဝန်ကြီးဌာနက ဘေးအန္တရာယ်ကျရောက်လာတဲ့ အခြေအနေမှာ အရေးပေါ်အိတ်တွေ ထုပ်ပိုးပြင်ဆင်ထားကြဖို့ လမ်းညွှန်အကြံပေးတဲ့ ကမ်ပိန်းတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၃၄ နှစ်အတွင်းမှာ လစ်သူယေးနီးယားနိုင်ငံ ကြိုးစားတည်ဆောက်လာခဲ့ရတဲ့ တည်ငြိမ်မှုကို ယူကရိန်းစစ်ပွဲက ခြိမ်းခြောက်လာနေပါတယ်။ စစ်ပွဲက မလိုလားအပ်တဲ့ အနေအထားမျိုးအထိ ရောက်လာခဲ့ရင် ဘာဆက်ဖြစ်လာမလဲဆိုတဲ့ စိုးရိမ်မှုက နိုင်ငံသူနိုင်ငံသားတွေရဲ့ စိတ်ကို ဒုက္ခပေးနေပေမယ့် နိုင်ငံသားတွေက ကိုယ့်ဘဝကိုယ် ကျေနပ်ကြပါတယ်။
လစ်သူယေးနီးယားနိုင်ငံသူ ရုပ်ရှင်ဒါရိုက်တာတစ်ဦးဖြစ်သူ Kavtaradzė ဟာ ၂၀၁၄ ခုနှစ်မှာ “I’m Twenty Something” အမည်ရ ရုပ်ရှင်ဇာတ်လမ်းတိုတစ်ခုကို ရိုက်ကူးခဲ့ပါတယ်။
ဒီဇာတ်လမ်းတိုထဲမှာ လစ်သူယေနီးယားနိုင်ငံသား လူငယ်တွေမှာ ရွေးချယ်စရာ အခွင့်အလမ်းများပြားလွန်းတဲ့အတွက် ဘာကို ရွေးချယ်ရမှန်းမသိ ဝေခွဲမရဖြစ်နေတဲ့ စိတ်ဒုက္ခကို ကွက်ကွက်ကွင်းကွင်း ရိုက်ကူးတင်ဆက်ထားပါတယ်။
ဒီအခွင့်အလမ်းတွေဟာ သူမမိဘတွေရဲ့ ငယ်ဘဝမှာ အိပ်မက်မက်ရုံသာတတ်နိုင်တဲ့ အခွင့်ထူးတွေ ဖြစ်တယ်လို့ သူမက ပြောပါတယ်။
“သူများနဲ့ မတူဘဲ ကျွန်မတို့က ကိုယ့်တိုင်းပြည် မြန်မြန်ဆန်ဆန်တိုးတက်လာခဲ့တာကို မြင်ခဲ့ရတယ်။ အဲဒါက ငါတို့ ဘယ်အရာမဆို ဖြစ်အောင်လုပ်နိုင်တယ်ဆိုတဲ့ ခံစားချက်မျိုး ကျွန်မတို့ကို ပေးတယ်”
ဈာန်ဟိန်း
Ref: BBC, The Guardian