BREAKING
January 5, 2025

ထားဝယ်တွင် ရော်ဘာသယ်ခွင့် အထောက်အထား ၁၀ကျော်တောင်းပြီး စစ်ကောင်စီတင်းကျပ်

June 24, 2024

ထားဝယ်ဒေသမှ အခြားဒေသသို့ ရော်ဘာပြားများသယ်ဆောင်ချိန်တွင် အထောက်အထား ၁၁ ချက် ပြည့်စုံရမည်ဟု စစ်ကောင်စီက တင်းကျပ်လိုက်ကြောင်း ရော်ဘာလုပ်ငန်းရှင်များထံမှ သိရသည်။

ယခင်က တိုင်းပြင်ပသို့ ရော်ဘာပြားတင်ပို့ရာတွင် သက်ဆိုင်ရာဌာန၏ မျှောစာတစ်စောင်သာ လိုအပ်သော်လည်း လက်ရှိအချိန်တွင်မူ စစ်ကောင်စီက သတ်မှတ်လိုက်သည့် အထောက်အထား ၁၁ ခုအထိရှိလာကြောင်း ၎င်းတို့က ဆိုသည်။

ရော်ဘာဒိုင်၏ လိပ်စာ၊ သယ်ယူမည့်နေရာ၊ ရောက်မည့်ရက်စွဲ၊ ပို့ဆောင်မည့်နေရာ၊ ရော်ဘာအမျိုးအစားနှင့် အလေးချိန်၊ သယ်ယူမည့် ယာဉ်အမျိုးအစားနှင့် ယာဉ်နံပါတ်၊ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း၏ ထောက်ခံချက်၊ အဝယ်ဒိုင် အတွက် စည်ပင်က ထုတ်ပေးသည့် လိုင်စင်လိုအပ်ကြောင်း ရော်ဘာလုပ်ငန်းရှင်များထံမှ သိရသည်။

ထို့အပြင် ပြည်တွင်းအခွန်များဦးစီးဌာနကို အခွန်ပေးသွင်းထားသည့် အထောက်အထား၊ မြို့နယ်/ခရိုင်အုပ်ချုပ်ရေးအဖွဲ့၏ ထောက်ခံချက်၊ တနင်္သာရီတိုင်း (စကစ) အစိုးရအဖွဲ့၏ သယ်ယူခွင့်အမိန့်၊ ရော်ဘာပြားပို့သည့်နေရာက သက်ဆိုင်ရာ အုပ်ချုပ်ရေးတာဝန်ရှိသူ၏ ထောက်ခံစာ စသည့်အချက်များ ပြည့်စုံမှ သယ်ခွင့်ရကြောင်း သိရသည်။

အထက်ပါအချက်များ စုံလင်မှသာ သယ်ယူခွင့်ပေးမည်ဟု ဇွန်လ ပထမအပတ်မှစကာ စစ်ကောင်စီက ကန့်သတ်လာခြင်း ဖြစ်ကြောင်း ထားဝယ်ဒေသရှိ ရော်ဘာလုပ်ငန်းရှင်များက ဆိုသည်။

“ပစ္စည်း ရောက်သွားတာတောင်မှ ဟိုဘက်(ရော်ဘာဝယ်သူ) က ရပ်ကွက်ထောက်ခံစာ ရဲစခန်းထောက်ခံစာတွေ ယူပြီး ဒီဘက်ပြန်ပို့ပြီးမှ ချရမယ့်သဘော။ ဒါဆိုရင် ဟိုဘက်ကုန်သည်တွေက ထားဝယ်ကပစ္စည်း မဝယ်လည်းရတယ် ဆိုတဲ့ သဘောမျိုးဖြစ်နေတာပေါ့” ဟု ထားဝယ်ဒေသရှိ ရော်ဘာလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ယင်းသို့ ဌာနပေါင်းစုံထံတွင် ထောက်ခံချက်များ ယူနေရသည့်အတွက် အပိုငွေကုန်ကျမှုများသလို သယ်ယူရာလမ်းခရီးရှိ စစ်ကောင်စီတပ်ဂိတ်များကိုပါ လမ်းကြောင်းကြေး ပေးရသေးကြောင်း ၎င်းက ပြောဆိုသည်။

“ကားစရိတ်တွေပြန်ပေါင်းရတော့ စရိတ်စကတွေ များလာတာပေါ့။ လမ်းမှာလည်း လမ်းကြောင်းရှင်းဖို့အတွက် ဘယ်လောက် ဘယ်လောက်ဆိုတာမျိုးတွေ သီးသန့်ပေးလိုက်ရတာတွေရှိတယ်။ စရိတ်က ကြီးသထက်ကြီးလာတာ” ဟု အထက်ပါ ရော်ဘာလုပ်ငန်းရှင်က ပြောသည်။

ထားဝယ်ဒေသထွက် ရော်ဘာပြားများကို မွန်ပြည်နယ်၊ ကော့သောင်း အစရှိသည့် ဈေးပိုရပြီး အချိတ်အဆက်ရှိသည့် ဒေသများထံ တင်ပို့ရောင်းချနေသည်။

လက်ရှိတွင် စစ်ကောင်စီက ကန့်သတ်လိုက်သည့်အတွက် ရော်ဘာကုန်သည်များအပြင် စိုက်ပျိုးသူများပါ ထိခိုက်နစ်နာနိုင်ကြောင်း ရော်ဘာစိုက်ပျိုးသူအချို့က ဆိုသည်။

ထောက်ခံချက်အမျိုးမျိုးအတွက် အပိုကုန်ကျစရိတ်များလာချိန်တွင် ကုန်သည်များက ဈေးနှိမ်ဝယ်ယူမည်ကို စိုးရိမ်ကြောင်း ရော်ဘာတောင်သူများက ပြောဆိုသည်။

“ကုန်သည်တွေက လုပ်ရကိုင်ရကျပ်သွားတယ်ဆိုပေမယ့် အဆင့်ဆင့်ပေးရတဲ့ ပိုက်ဆံတွေအတွက်ကျတော့ အရင်က ရော်ဘာ ဝယ်တဲ့ဈေးထက် လျှော့ပြီးတော့ ဝယ်တော့မှာပေါ့” ဟု ထားဝယ်ဒေသရှိ ရော်ဘာစိုက်တောင်သူတစ်ဦးက ပြောသည်။

လက်ရှိတွင် မိုးရာသီရောက်ပြီဖြစ်သည့်အတွက် တောင်သူများက ရော်ဘာအစေးခြစ်သည့်လုပ်ငန်းများ ရပ်နားထားကြပြီး ပွင့်လင်းရာသီရောက်မှသာ ပြန်လုပ်ကြသည်။

စစ်ကောင်စီက ကန့်သတ်ချုပ်ချယ်လိုက်သည့် စည်းမျဉ်းအသစ်များကြောင့် ထားဝယ်ဒေသရှိ ရော်ဘာလုပ်ငန်းရှင် အများစုမှာ လာမည့်ရာသီတွင် အလုပ်ရပ်နားကြမည့် အခြေအနေရှိကြောင်း ရော်ဘာလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

“နေ့တိုင်း ပစ္စည်း (ရော်ဘာပြား) တင်နေတယ်။ နေ့တိုင်းဒီလိုယူနေရမယ်ဆိုရင် ဘယ်လိုလုပ်စားရတော့မလဲ။ နေ့တိုင်းကားထွက်မယ်ဆိုရင် နေ့တိုင်းအဲဒီအထောက်အထားတွေ အကုန်လိုအပ်တယ်” ဟု ၎င်းက ပြောသည်။

တနင်္သာရီတိုင်းရှိ ခရိုင်သုံးခုစလုံးတွင် ရော်ဘာစိုက်ပျိုးကြပြီး စုစုပေါင်းဧက လေးသိန်းခန့်ရှိကြောင်း သိရသည်။