ရေဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ ပယရွာတွင် ဇွန်လ ပထမအပတ်က စတင်ရပ်နားထားသည့် သတ္တုလုပ်ကွက်များကို စစ်ကောင်စီ၏ မောရဝတီရေတပ်နှင့် ပူးပေါင်းကာ ပြန်စရန်ပြင်ဆင်နေကြောင်း ဒေသခံများထံကသိရသည်။
ဇွန်လ ၁၈ ရက်တွင် ကံပေါက်ရွာအထွက် ဖက်တောင်ရွာတွင်တပ်စွဲထားသည့် မောရဝတီဂိတ်ကိုရုတ်သိမ်းကာ ပယရွာရှားကုန်းသို့ ရွှေ့ပြောင်းလာကြောင်း ရွာသားများကပြောသည်။
“မောရဝတီက ကား ၆ စီးနဲ့ စစ်သားတွေ ပြောင်းလာတယ် ။ လာတဲ့နေ့တုန်းက သေနတ်ခြောက်ပစ်လိုက်သေးတယ် ” ဟု ရွာသားတစ်ဦးကပြောသည် ။
စစ်ကောင်စီတပ်က ပယရွာ ၊ ရှားကုန်းတွင် တပ်လာစွဲပြီးနောက် ရပ်နားထားသည့် သတ္တုလုပ်ကွက်များမှ စက်ယန္တရားများ ပြန်ရောက်လာကြောင်း ဒေသခံတို့ကဆိုသည်။
” လုပ်ကွက်တွေက ပြန်မစသေးဘူး ။ စက်တွေတော့အကုန်ပြန်ရောက်နေပြီ “ ဟု လုပ်ကွက်များနှင့် နီးစပ်သူတစ်ဦးကပြောသည်။
ဇွန်လပထမအပတ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တစ်ခုက ပယရွာမှ သတ္တုလုပ်ကွက်များကို လာရောက်သတိပေးပြီးနောက် လုပ်ကွက်အများစုက စက်ယန္တရားများပြန်သိမ်းသွားခဲ့သည်ဟု သတ္တုလုပ်ကွက်လုပ်ကိုင်သူများနှင့် နီးစပ်သူများထံကသိရသည်။
အာဏာသိမ်းပြီး တစ်နှစ်အကြာတွင် ပယရွာနှင့် ဖက်တောင်ရွာများ၌ ဥယျာဉ်ခြံမြေများဝယ်ယူ၍ တရားမဝင်သတ္တုလုပ်ကွက်များ ဖော်ဆောင်နေမှုကြောင့် ဇာဒီချောင်းပျက်စီးလာပြီး ဒေသခံများ အခက်ကြုံနေရသည်ဟု ဆိုသည်။