ထားဝယ်သပိတ်ဦးဆောင်သူ ကိုကျော်ထွေးအား ပုဒ်မနှစ်ခုဖြင့် ထောင်ဒဏ် ၂ နှစ် ၄ လ ကျခံစေရန် အမိန့်ချခံရကြောင်း မိသားစုဝင်ထံမှ သိရသည်။
ကိုကျော်ထွေးအား ရာဇသတ်ကြီးဥပဒေပုဒ် ၅၀၅-က နှင့် လိုင်စင်မဲ့ကားအသုံးပြုသည့် ပို့ကုန် သွင်းကုန်ဥပဒေတို့ဖြင့် ဇွန်လ ၂၃ ရက်နေ့က ထားဝယ်အကျဉ်းထောင်အတွင်းရှိ အထူးတရားရုံးတွင် အမိန့်ချလိုက်ကြောင်း မိသားစုဝင်တစ်ဦးက ဆိုသည်။
ကိုကျော်ထွေးမှာ မတ်လ ၁၀ ရက်နေ့က ထားဝယ်မြို့သစ် ၄ လမ်းရှိ ကားဝပ်ရှော့တစ်ခုတွင် အဖမ်းခံရခြင်းဖြစ်သည်။
အမှုတွင် ပုဒ်မ ၅၀၅-က ဖြင့် ထောင်ဒဏ် ၂ နှစ်နှင့် လိုင်စင်မဲ့ကားမောင်းနှင်အသုံးပြုမှုအတွက် ထောင်ဒဏ် ၄ လ အမိန့်ချခံရကြောင်း မိသားစုဝင်တစ်ဦးက ဆိုသည်။
ကိုကျော်ထွေး၏ ရှေ့နေဖြစ်သူနှင့် တိုင်ပင်ပြီး ထောင်ဒဏ်အမိန့်ချခံရသည့် ကိစ္စအပေါ် အယူခံဝင်/ မဝင်ကို ဆုံးဖြတ်ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
“သူက ကျန်းမာရေးကောင်းတယ်လို့ပြောတယ်၊ ရှေ့နေကတစ်ဆင့် ပြောတာပဲရှင်၊ ကျွန်မတို့နဲ့လည်း မတွေ့ရဘူး” ဟု မိသားစုဝင်က ဆိုသည်။
ကိုကျော်ထွေးနည်တူ ဝဲကျွန်းရပ်ကွက်တွင် အဖမ်းခံရသည့် သပိတ်ဦးဆောင်သူ ကိုအောင်ဝေယံကကျော်လည်း ဇွန်လ ၂၁ ရက်နေ့က ထောင်ဒဏ် ၄ နှစ်အမိန့်ချခံထားရသည်။