BREAKING
December 24, 2024

ထိုင်းဝန်ကြီးချုပ်ကို တိုင်ကြားချက် အခြေခံဥပဒေခုံရုံးက လက်ခံစစ်ဆေးမည်

May 24, 2024

ကျင့်ဝတ်ချိုးဖောက်သည်ဟုဆိုကာ ထိုင်းဝန်ကြီးချုပ်ရာထူးနှင့်ပတ်သက်၍ လက်ရှိဝန်ကြီးချုပ် စေထာထဝီဆင်ကို စစ်ဆေးအရေးယူပေးရန် ထိုင်းအထက်လွှတ်တော်အမတ် ၄၀ က တိုင်ကြားထားသည်ကို အခြေခံဥပဒေခုံရုံးက ယနေ့တွင် လက်ခံလိုက်သည်။

သို့သော်လည်း စစ်ဆေးနေသည့်ကာလအတွင်း ဝန်ကြီးချုပ်ရာထူးကနေ ဆိုင်းငံ့ထားမည်မဟုတ်ကြောင် ခုံရုံးက ထုတ်ပြန်ထားသည်။

ဝန်ကြီးချုပ် စေထာထဝီဆင်က ပြစ်မှုဟောင်းရှိဖူးသော ရှေ့နေ ဖိချစ် ချိမ့်ဘန်ကို လစ်လပ်နေသော ဝန်ကြီးချုပ်ရုံး ဝန်ကြီးနေရာတွင် ခန့်အပ်ခြင်းမှတစ်ဆင့် ပြဿနာများ စတင်ခဲ့သည်။

ထိုမှတစ်ဆင့် ဝန်ကြီးချုပ်သည် အရည်အချင်းမပြည့်မီသူကို ဝန်ကြီးနေရာခန့်အပ်သည့်အတွက် ကျင့်ဝတ်ချိုးဖောက်သဖြင့် အရေးယူစစ်ဆေးပေးရန် အထက်လွှတ်တော်အမတ်များက အခြေခံဥပဒေခုံရုံးထံ ပြီးခဲ့သော ရက်ပိုင်းအတွင်း တိုင်ကြားထားခဲ့ခြင်းဖြစ်သည်။

ထို့အတူ ဝန်ကြီးချုပ်ရုံး ဝန်ကြီးဖြစ်သူ ဖိချစ်ကိုလည်း ရာထူးလက်ခံသည့်အတွက် စစ်ဆေးအရေးယူပေးရန် တိုင်ကြားခဲ့ပြီးနောက် ဖိချစ်က မေလ ၂၁ ရက်နေ့တွင် ဝန်ကြီးအဖြစ်က နုတ်ထွက်ခဲ့သည်။

အထက်လွှတ်တော်အမတ်များ၏ တိုင်ကြားမှုနှင့်ပတ်သက်၍ အခြေခံဥပဒေခုံရုံးက ယနေ့တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၆ မဲ ကန့်ကွက်မဲ ၃ မဲရရှိသဖြင့် အမှုကို လက်ခံခဲ့သည်။

ထို့ကြောင့် ကျင့်ဝတ်ဖောက်ဖျက်မှုနှင့် ပတ်သက်၍ လက်ရှိဝန်ကြီးချုပ် စေထာထဝီဆင်ကို ခုံရုံးက စစ်ဆေးသွားမည်ဖြစ်ပြီး ဝန်ကြီးရာထူးက နုတ်ထွက်ထားသော ဖိချစ်ကိုမူ ထပ်မံစစ်ဆေးတော့မည် မဟုတ်ကြောင်း ခုံရုံးက ထုတ်ပြန်ခဲ့သည်။

စွပ်စွဲချက်ကို ၁၅ ရက်အတွင်း ချေပရန်လည်း ဝန်ကြီးချုပ်ကို ခုံရုံးက အချိန်ပေးထားသည်။

လက်ရှိတွင် ဝန်ကြီးချုပ် စေထာထဝီဆင်သည် ဂျပန်ခရီးစဉ်သို့ ရောက်ရှိနေပြီး ပုံမှန်အစီအစဉ်များအတိုင်း ဂျပန်နိုင်ငံရှိ မလေးရှား ဝန်ကြီးချုပ်အပါအဝင် စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကာ ၂၉ ကြိမ်မြောက် အာရှ Nikkei ဖိုရမ်ကို တက်ရောက်သွားမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

Ref: Thai Enquirer, Khaosod English