BREAKING
January 9, 2025

ထားဝယ်ဒေသတွင် ယခုနှစ် ဆားအထွက်လျော့

May 24, 2024

ထားဝယ်ဒေသတွင် ယခုနှစ် ဆားအထွက်နှုန်းလျော့ကျကြောင်း ဆားလုပ်ငန်းရှင်အချို့က ပြောသည်။

ယခုနှစ်သည် အလွန်ပူပြင်းခြောက်သွေ့သည့် အယ်လ်နီညိုရာသီဥတုကြောင့် ဖျက်မိုး မရှိသလောက်နည်းသော်လည်း ပြီးခဲ့သည့်နှစ်ကထက် ဆားအထွက်လျော့ကြောင်း ဆားထုတ်လုပ်သူအချို့က ဆိုသည်။

ပြီးခဲ့သည့်နှစ်က ရာသီဥတုကောင်းသဖြင့် ဆားကွင်း ဧက ၂၀၀ကျော်တွင် (နေလှန်းဆား) ပိဿာချိန် သိန်း ၃၀ခန့် ထွက်ရှိ ခဲ့သော်လည်း ယခုနှစ်တွင် ဆားပိဿာချိန် ၂၅ သိန်းခန့်သာထွက်ကြောင်း ထားဝယ်မြို့၊ ရွှေပြည်သားဆားစက်ရုံပိုင်ရှင် ဦးသန်းဝင်းက ပြောဆိုသည်။

ဆားကွင်းပြင်ရမည့်အချိန်တွင် တာတမံကျိုးနေပြီး ပြုပြင်နေရသဖြင့် ပင်လယ်ရေငန်ကို ကွင်းထဲသွင်းရန် နောက်ကျသော ကြောင့် ဆားထုတ်လုပ်ချိန်နောက်ကျရာ ဆားထွက်နှုန်းလျော့ကျခဲ့ကြောင်း ၎င်းက ဆိုသည်။

“ကွင်းဖွင့်ချိန် နောက်ကျတာရယ်၊ ပင်လယ်ရေကလည်း ငါးပြန်(ဆ)စာလောက် ရေငယ်(ကျ)သွားတာရယ်‌၊ ပြီးခဲ့တဲ့ မိုးတုန်းက ဆားကွင်းကို ကာထားတဲ့ တာတမံကြီးတွေအကုန်လုံး ကျိုးသွားတယ်။ တာကျိုးသွားတော့ အလုပ်သမားတွေ လာတာနဲ့ ကွင်းအလုပ် မလုပ်ဘဲ အဲဒါတွေပြန်ပြင်နေရတော့ ကွင်းပြင်ချိန်နောက်ကျသွားတယ်” ဟု ဦးသန်းဝင်းက ပြောသည်။

ပြင်းဖြူကြီးရွာက တစ်နိုင်တစ်ပိုင် မီးချက်ဆားချက်ထုတ်လုပ်ရောင်းချသူ ဒေါ်ယူယူဌေးကလည်း ပြီးခဲ့သည့်နှစ်က ဆားပိဿာချိန် ခုနစ်သောင်းကျော်အထိ အထွက်နှုန်းကောင်းခဲ့ပြီး ယခုနှစ်တွင်မူ ပိဿာချိန် သုံးသောင်းခန့်သာ ထွက်ရှိကြောင်း ဆိုသည်။

တိုက်ပွဲများကြောင့် မကြာခဏတိမ်းရှောင်ပြီး လုပ်ကိုင်နေရခြင်း၊ ဆားချက်ရန် ထင်းဝယ်ယူ၍ မရခြင်းတို့ကြောင့် ယခုနှစ်တွင် ဆားထုတ်လုပ်ရရှိမှု လျော့ကျခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

“မနှစ်တုန်းက ရာသီ(ဥတု)လည်း နည်းနည်းအဆင်ပြေတယ်။ ထင်းလည်း အဆင်ပြေတယ်။ အဲဒါကြောင့် ခုနှစ်သောင်းကျော် ရတယ်။ ဒီတစ်နှစ်မှာက ရာသီက ကောင်းပေမယ့် ထင်းတွေဘာတွေက အဆင်မပြေဘူး။ နိုင်ငံရေး အခြေအနေကလည်း မကောင်းဘူးမဟုတ်လား၊ ထင်းက ရှားလာတာ။ လူတွေက မရှိကြတော့ဘူးလေ။ ထိုင်းနိုင်ငံတွေဘာတွေပဲ သွားကြတယ် ဆိုတော့ ထင်းရှာဖို့လူတွေလည်း မရှိတော့ဘူး” ဟု ဒေါ်ယူယူဌေးက ပြောသည်။

ကံပေါက်ဒေသတွင်လည်း ဆားထုတ်လုပ်မှု ပမာဏသည် ပြီးခဲ့သည့်နှစ်က ထွက်နှုန်းမျှလောက်သာရှိကြောင်း နေလှန်းဆားကွင်း ဧက ၁၄၀ ခန့် လုပ်ကိုင်နေသူ ဦးအောင်ညွန့််က ဆိုသည်။

ဆားစျေးနှုန်းများမှာ နေလှန်းဆား တစ်ပိဿာလျှင် ၂၈၀ ကျပ်ရှိပြီး မီးချက်ဆားမှာ ၃၅၀ မှ ၅၀၀ ဝန်းကျင်ခန့်အထိ ပေါက်ဈေးရှိကြောင်း စျေးကွက်အတွင်း စုံစမ်းသိရသည်။

သို့သော် တိုက်ပွဲဖြစ်ပွားမှု များလာခြင်း၊ ငပိ၊ ငါးခြောက်၊ ငါးဆားထိုးလုပ်ငန်းများ၊ ရေခဲစက်လုပ်ငန်းများ၊ ငါးအမှုန့် ကြိတ်စက်ရုံများ စသည့် လုပ်ငန်းများ ကောင်းစွာမလည်ပတ်နိုင်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး အသွားအလာ ခက်ခဲလာခြင်း၊ သယ်ယူပို့ဆောင်ခဈေးကြီးခြင်း၊ ထိုင်းနိုင်ငံက ဆားနှင့် မွန်ပြည်နယ် ပငဘက်က ဆားများ တနင်္သာရီတိုင်းအတွင်းကို ဝင်ရောက်မှုရှိနေခြင်းတို့ကြောင့် ဒေသထွက်ဆားမှာ အဝယ်နည်းကြောင်း ဆားလုပ်ငန်းလုပ်ကိုင်သူတို့ထံမှ သိရသည်။