BREAKING
September 19, 2024

ပုလောက ‌ရဲဘော်တစ်ဦး၏ တော်လှန်ရေးကဗျာစာအုပ် ထိုင်းတွင်ဖြန့်ချိ

May 24, 2024

ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းက ရဲဘော်မောင်သုည ရေးသားထားသော တော်လှန်ရေး ကဗျာစာအုပ်ကို ထိုင်းနိုင်ငံတွင် ဖြန့်ချိနေကြောင်း ကာယကံရှင် ရဲဘော်က ပြောသည်။

“ခင်မာလာရီ” ဟု အမည်ပေးထားသည့် အဆိုပါကဗျာစာအုပ်တွင် ရဲဘော်မောင်သုည (ရှပ်ပုံသား) ရေးသားထားသော ကဗျာ ၂၄ ပုဒ် ပါဝင်သည်။

မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းသည် ပုလောမြို့နယ်အတွင်း အဓိက စစ်ရေးလှုပ်ရှားနေသည့် တပ်ရင်းဖြစ်ပြီး အမျိုးသား ညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ တပ်ရင်းတစ်ခုဖြစ်သည်။

ကဗျာစာအုပ်ရောင်းချရာမှ ရရှိလာသည့် ငွေကြေးများကို တော်လှန်ရေးတွင် အသက်ပေးသွားကြသူများ၊ ကိုယ်အင်္ဂါဆုံးရှုံး သွားသူများနှင့် ၎င်းတို့၏ မိသားစုဝင်များကို ထောက်ပံ့မည်ဖြစ်ကြောင်း ရဲဘော်မောင်သုညက ဆိုသည်။

“လူငယ်နဲ့ပတ်သတ်တဲ့ ခံစားချက်တွေ၊ မြေပြင်ရဲဘော်တွေ လက်ရှိရင်ဆိုင်နေရတဲ့ ပြဿနာတွေ၊ လူငယ်တွေ မိသားစုကို လွမ်းတဲ့အကြောင်းတွေ၊ စစ်ကောင်စီရဲ့ ယုတ်မာမှုတွေကို ပြည်သူလူထုတွေကို သိစေချင်လို့ ဒီကဗျာတွေ ရေးဖြစ်တာ” ဟု ၎င်းက ပြောသည်။

“ခင်မာလာရီ” ကဗျာစာအုပ်ကို ထိုင်းနိုင်ငံအခြေစိုက် အောင်ဆန်းရင်သွေးထောက်ပို့အဖွဲ့က ဖြန့်ချိလျက်ရှိကြောင်း ၎င်းက ပြောဆိုသည်။

အဆိုပါ ကဗျာစာအုပ်ကို မဟာချိုင်မြို့တွင် ဘတ် ၂၀၀ ဖြင့် ရောင်းချပြီး အခြားမြို့သို့ ပို့ဆောင်ရမည်ဆိုက ပို့ခအပြီး ၂၅၀ ဘတ်ဖြင့် ပို့ပေးကြောင်း မောင်သုညက ပြောသည်။

ပြည်တွင်းတွင်မူ အဆိုပါ ကဗျာစာအုပ်ကို ရောင်းချခြင်းမရှိပေ။

ပုံနှိပ်ထုတ်ဝေထားသည့် စာအုပ်အရေအတွက် ၅၀၀ ကို မေလအတွင်း စတင်ဖြန့်ချိနေပြီး လက်ရှိတွင် အုပ်ရေ ၄၀၀ ခန့် ရောင်းချထားပြီးဖြစ်ကြောင်းသိရသည်။

နောက်ပိုင်းတွင် တော်လှန်ရေးနှင့် ဆိုင်သည့် အက်ဆေးစာအုပ်ကို ထပ်မံထုတ်ဝေဖြန့်ချိရန်လည်း ဆန္ဒရှိကြောင်း ရဲဘော်မောင်သုညက ပြောဆိုသည်။