ကျွန်းစုမြို့နယ်၊ ဝါရစ်ရွာတွင် တပ်စွဲထားသည့် ထားဝယ်ဇာတိ စစ်ကောင်စီဘက်က တပ်သားတစ်ဦး လက်နက်နှင့်အတူ မြိတ်ခရိုင်တပ်ရင်း(၂)ထံ ဘက်ပြောင်းခိုလှုံလာကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူအချို့ထံမှ သိရသည်။
ဧပြီလ ၂၁ ရက်နေ့တွင် ဝါရစ်ရွာ၌တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ အဆိုပါတပ်သားမှာ MA 1 သေနတ်တစ်လက်၊ ကျည်ဆန် ၁၅၀ တောင့်၊ ကျည်ဘောက် ၄ ဘောက်နှင့်အတူ မြိတ်ခရိုင်တပ်ရင်း၂ထံ ဘက်ပြောင်းလာခြင်းဖြစ်ကြောင်း မြိတ်ခရိုင်တပ်ရင်း ၂ ၏ တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
”သူက အာဏာမသိမ်းခင်တုန်းက စစ်သားလုပ်ဖို့ ဝင်လျှောက်ခဲ့ဖူးတယ်။ အခုစစ်သားသစ်တွေ စုဆောင်းမှ တာဝန်ထမ်းဖို့လာခေါ်သွားတယ်။ အခုက တာဝန်ဝင်ထမ်းနေတာ တစ်နှစ်ဝန်းကျင်ရှိပြီ” ဟု အထက်ပါတပ်ဖွဲ့ဝင်က ဆိုသည်။
ဝါရစ်ရွာတွင် ပြီးခဲ့သည့်နှစ် အောက်တိုဘာလဝန်းကျင်က တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်
ကောင်စီတပ်က အထိုင်ချတပ်စွဲထားကြောင်း တော်လှန်ရေးတပ်ဖွဲ့များ နှင့်နီးစပ်သည့် အမျိုးသားတစ်ဦးက ပြောသည်။
”တပ်စွဲထားက ပြည်သူ့စစ်တွေများတယ်။ စစ်သားက နည်းတယ်။ အခု အလင်းဝင်လာသူက ထားဝယ်သားဖြစ်ပြီး အသက်ကတော့ ငယ်သေးတယ်လို့ သိရတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိ ဘက်ပြောင်းလာသည့် စစ်ကောင်စီတပ်သား၏ အသေးစိတ်အချက်အလက်နှင့်ပတ်သက်၍ မြိတ်ခရိုင်တပ်ရင်း ၂ တာဝန်ရှိသူထံ ဆက်သွယ်မေးမြန်းရာ အသေးစိတ်အချက်အလက်များကို ထုတ်ပြန်၍မရသေးကြောင်း ဆိုသည်။
တနင်္သာရီမြို့နယ်တွင် မတ်လအတွင်း တပ်သားစုဆောင်းခံရသည့် စစ်ကောင်စီတပ်သားနှစ်ဦး ခလရ ၅၅၇ တပ်ရင်းက ထွက်ပြေးလာပြီး အလင်းဝင်ခဲ့သေးကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီနှင့်တော်လှန်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားနေပြီး ယခုနှစ်အတွင်း စစ်ကောင်စီတပ်သား ၇ ဦး ဘက်ပြောင်းခိုလှုံခဲ့ကြောင်း တော်လှန်ရေးတပ်များထံမှ သိရသည်။