မြိတ်မြို့တွင် ကြက်ဥဈေးဆက်တိုက်တက်နေပြီး ရက်ပိုင်းအတွင်း နှစ်ဆနီးပါးမြင့်တက်လာကာ တစ်လုံးလျှင် ကျပ်တစ်ထောင်ဝန်းကျင် ဈေးပေါက်နေကြောင်း ဒေသခံများထံမှ သိရသည်။
မြိတ်-ထားဝယ်လမ်းတွင် တိုက်ပွဲဖြစ်ပွားနေပြီး ကားလမ်းပိတ်ဆို့နေသဖြင့် ယင်းကဲ့သို့ဈေးတက်လာခြင်းဖြစ်ကြောင်း မြို့ခံများက ဆိုသည်။
ဧပြီလ ၁၉ ရက်နေ့ဝန်းကျင်က ကြက်ဥတစ်လုံးလျှင် ငွေကျပ် ၅၀၀ ဝန်းကျင်သာရှိရာက လက်ရှိတွင် ဈေးနှစ်ဆနီးပါး တက်သွားခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။
ဧပြီ ၁၈ ရက်နေ့က သရက်ချောင်းမြို့နယ်ရှိ ဝင်းဝရဲစခန်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ရာက ခရီးသည်ကားနှင့် ကုန်ကားများဖြတ်သန်းခွင့်မရဘဲ လမ်းပိတ်နေခဲ့သည်။
ဧပြီလ ၂၃ ရက်နေ့ကလည်း ပုလောမြို့နယ် ပလောက်မြို့အနီး ထားဝယ်-မြိတ်သွားကားလမ်းပေါ်ရှိ ဆင်ထိုးကြီးရွာတွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်-KNLA တပ်တို့ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။
“မရှိဆင်းရဲသားတွေဆို ကြက်ဥနဲ့စားဖို့တောင် နပ်မမှန်တော့တဲ့ဘဝတွေ ရောက်လာပြီ။ ကြက်ဥဒိုင်တွေအထိ သွားဝယ်တာတောင်မှ မရှိဘူး ပြောတယ်”ဟု မြိတ်မြို့ မြိတ်တောင်ရပ်နေ အမျိုးသမီးတစ်ဦးက ဆိုသည်။
မြိတ်မြို့ရှိကြက်ဥလက်ကား ရောင်းသည့်ဒိုင်များတွင်လည်း ကြက်ဥပြတ်လပ်နေကြောင်း ကြက်ဥဒိုင်ပိုင်ရှင်အချို့က ပြောသည်။
“ကြက်ဥဒိုင်တွေကတော့ ကြက်ဥ ပြတ်တယ်ဘာညာပြောတာပဲ။ ပြန်ပေါလာရင်လည်း ဈေးမချဘူး။ မှိန်းပြီး ဒီဈေးနဲ့ရောင်းကြမှာ” ဟု မြိတ်မြို့ခံ အမျိုးသားတစ်ဦးက ဆိုသည်။
မြိတ်မြို့တွင် ဥစားကြက်မွေးမြူသူ အများအပြားရှိပြီး မြိတ်ဒေသထွက်ကြက်ဥအများစုကို မြိတ်မြို့နယ်၊ တနင်္သာရီမြို့နယ်၊ ဘုတ်ပြင်းမြို့နယ် နှင့်ကော့သောင်းမြို့နယ်သို့ တင်ပို့ရောင်းချကြသော်လည်း လုံလောက်မှုမရှိသဖြင့် တိုင်းပြင်ပမှ တင်သွင်းနေရ ကြောင်း ကြက်မွေးမြူးရေး လုပ်ကိုင်သူအချို့နှင့် မြို့ခံများထံမှသိရသည်။