စစ်ကောင်စီက စစ်သားအဓမ္မစုဆောင်းနေမှုကြောင့်ကန့်ကွက်နေသော်လည်း ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား ၂၀၈ ဦးကို ယနေ့ (ဧပြီလ ၂၄ ရက်) ကော့သောင်းဘက်သို့ ထပ်မံလွှဲပြောင်းပေးလိုက်သည်။
ယနေ့ နေ့လယ်ပိုင်းက ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော မြန်မာနိုင်ငံသား ၂၀၈ ဦးကို ကော့သောင်းမြို့သို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။
နေရပ်ပြန်ပို့စဉ် ရနောင်းခရိုင် လဝကအရာရှိများနှင့်အတူ ရနောင်းအခြေစိုက် မြန်မာအလုပ်သမားသံအရာရှိ ဦးမိုးဇော်လည်း တက်ရောက်ခဲ့သည်။
နေရပ်ပြန်ပို့မည့် မြန်မာနိုင်ငံသားများကို ကော့သောင်းဘက်သို့ စက်လှေများဖြင့် လွှဲပြောင်းပေးခဲ့ကြောင်း ပြန်ပို့ခံရသူအများစုမှာ အသက် ၁၈ နှစ်မှ ၄၅ နှစ်အရွယ်များ ရှိနေကြပြီး ကလေးငယ်များလည်း အုပ်ထိန်းသူများနှင့်အတူ ပါဝင်ကြောင်း သတင်းများအရသိရသည်။
ပြန်ပို့ခံရသူအများစုက စစ်မှုထမ်းအသက်တွင် အကျုံးဝင်နေကြသဖြင့် စစ်သားအဓမ္မ စုဆောင်းခံရမည့်အရေး စိုးရိမ်နေမှုမှာ မျက်နှာများတွင် ပေါ်လွင်နေကြောင်း ထိုင်းသတင်းဌာနများက ရေးသားနေကြသည်။
နေရပ်ပြန်ပို့ခံရသူများသည် တရားမဝင် ဝင်ရောက်မှု၊ မူးယစ်ဆေးသုံးစွဲမှုနှင့် အခြားအမှုများကြောင့် ပြစ်ဒဏ်ကျခံပြီးသူများဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသားများကို စစ်ကောင်စီက စစ်မှုထမ်းဥပဒေအရ ဖမ်းဆီးခေါ်ဆောင်မှုများရှိနေသဖြင့် နေရပ်ပြန်မပို့ရန် ထိုင်းတက်ကြွလှုပ်ရှားသူများနှင့်အတူ တက္ကသိုလ်ပညာရှင်များက တိုက်တွန်းနေသော်လည်း ထိုင်းအစိုးရဘက်က လစဉ်လွှဲပြောင်းနေခြင်းဖြစ်သည်။
နေရပ်ပြန်ပို့ခံရသော မြန်မာနိုင်ငံသားများကို စစ်ကောင်စီက စစ်မှုထမ်းရန် ဖမ်းဆီးမှုများရှိနေသည်ကို ရနောင်းလဝကအရာရှိများက သိရှိသော်လည်း နှစ်နိုင်ငံအစိုးရအစီအစဉ်အရ နေရပ်ပြန်ပို့နေကြကြောင်း သတင်းတွင် ဖော်ပြထားသည်။
ပြီးခဲ့သော ၂၀၂၄ ခုနှစ်အတွင်း ရနောင်းထိန်းသိမ်းရေးစခန်းမှ ကော့သောင်းသို့ ပြန်လွှဲပြောင်းပေးမှုအကြိမ်ရေ စုစုပေါင်း ၁၄ ကြိမ်အထိ ရှိခဲ့ပြီး မြန်မာနိုင်ငံသား ၂၀၀၅ ဦးအထိ ပြန်လည်ပို့ဆောင်ခဲ့သလို ယခုနှစ် ဇန်နဝါရီလတွင် ၁၄၉ ဦး၊ ဖေဖော်ဝါရီလတွင် ၂၀၀ ဦး၊ မတ်လတွင် ၂၅၀ ဦးနှင့် ယခုထပ်မံလွှဲပြောင်းခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီကလည်း နေရပ်ပြန်လည်ပို့ဆောင်လာသူများကို စစ်မှုထမ်းအသက်တွင် အကျုံးဝင်ပါက ဖမ်းဆီးခေါ်ဆောင်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း စစ်မှုထမ်း စုဆောင်းခံရသူများထံမှ သိရသည်။