ထိုင်းနိုင်ငံထဲတွင် ကျောင်းသားဗီဇာ(ED Visa)ကို ရယူထားပြီး တရားမဝင် အလုပ်လုပ်ကိုင်နေသူ ပိုများလာသဖြင့် ED Visa လျှောက်ထားခွင့်များကို ထိုင်းအစိုးရက ပိုမိုတင်းကျပ်၍ ကိုင်တွယ်ဖြေရှင်းသွားမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
အဆင့်မြင့်ပညာဝန်ကြီးဌာန (MHESI) နှင့် လူဝင်မှုကြီးကြပ်ရေးဌာနတို့ ပူးပေါင်း၍ ED Visa ဖြင့် တရားမဝင် အလုပ်လုပ်နေသူများကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်သွားမည်ဖြစ်ကြောင်း ဧပြီလ ၂၃ ရက်နေ့က ပြုလုပ်သော အစည်းအဝေးတွင် အဆင့်မြင့်ပညာဝန်ကြီး Supamas Isarabhakdi ကဆိုသည်။
တရုတ်နိုင်ငံသားများအပါအဝင် အခြားနိုင်ငံခြားသားများသည် ကျောင်းသားဗီဇာများကို အလွဲသုံးစားပြုလုပ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းများတွင် အင်ဂျင်နီယာအဖြစ်လုပ်ကိုင်ခြင်းမျိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း MHESI နှင့် အလုပ်သမားဝန်ကြီးဌာနဘက်က ထုတ်ပြန်သည်။
ယင်းနှင့် ဆက်စပ်၍ ထိုင်းမြောက်ပိုင်း လဖွန်ခရိုင်ရှိ ဗုဒ္ဓကောလိပ်နှင့် အခြားပုဂ္ဂလိက တက္ကသိုလ်သုံးခုထံမှ ကျောင်းသားဗီဇာ ရယူထားသော တရုတ်နိုင်ငံသား အားလုံး၏ အချက်အလက်များကို တစ်ပတ်အတွင်း အဆင့်မြင့်ပညာဝန်ကြီးဌာနထံ တင်ပြရန် ဝန်ကြီး Supamas Isarabhakdi က ညွှန်ကြားကြောင်း ဖော်ပြထားသည်။
တရုတ်နိုင်ငံသားများ၏ ကျောင်းအပ်နှံထားသော ပရိုဂရမ်များ၊ တက်ရောက်နေသာ အချိန်အပိုင်းအခြား၊ ဗီဇာအမျိုးအစားများကိုပါ တင်ပြရန် ညွှန်ကြားကြောင်း ဖော်ပြသည်။
နောက်ပိုင်းတွင် ကျောင်းသားဗီဇာရယူထားသော ကျောင်းသားများကို တိုက်ဆိုင်စစ်ဆေးပြီး အလုပ်လုပ်မှု မရှိစေရေး တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖြေရှင်းရန် လဝကနှင့်အတူ MHESI က ညှိနှိုင်းအဖြေရှာသွားမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။
ကျောင်းသားဗီဇာများကို အလွဲသုံးစား ပြုလုပ်နေသော တက္ကသိုလ်၊ ကောလိပ်များကိုလည်း အလျှော့ပေးခြင်း၊ လျစ်လျူရှုခြင်းများ ရှိလာမည်မဟုတ်ဘဲ အလွဲသုံးစားပြုလုပ်မှုကို ခွင့်ပြုထားသော တက္ကသိုလ်၊ ကောလိပ်များကလည်း ဥပဒေအရ ရင်ဆိုင်ဖြေရှင်းရမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။
အဆင့်မြင့်ပညာဝန်ကြီးဌာနဘက်က ဘွဲ့၊ ဒီဂရီပေးအပ်ခြင်းမရှိသော ကာလတိုသင်တန်းကျောင်းများ၏ ဝင်ခွင့် သတ်မှတ်ချက်နှင့် နေထိုင်ခွင့် ဗီဇာသက်တမ်းများကို ပြန်လည်သုံးသပ်၍ တင်းကျပ်သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
အွန်လိုင်းက တက်ရောက်နိုင်သော ကာလတိုသင်တန်းကျောင်းများကို ဗဟိုတက္ကသိုလ်များဘက်က ကြီးကြပ်မှု အားနည်းနေကြောင်း လဝကအရာရှိများက ရှင်းပြသည်။
နောက်ဆက်တွဲအနေဖြင့် Ed Visa ရယူထားသော နိုင်ငံခြားသားများသည် ထိုင်းနိုင်ငံထဲ နေထိုင်ခွင့်သက်တမ်း မည်မျှရှိသည်ကိုလည်း တိတိကျကျ မသိရဘဲ ဖြစ်နေကြောင်း ၎င်းက ထပ်လောင်းပြောသည်။
ယင်းအခြေအနေကို ဖြေရှင်းရန် ကာလတိုသင်တန်းများကို ဖွင့်လှစ်ထားသည့် တက္ကသိုလ်များက သင်တန်းအချက်အလက် အသေးစိတ်ကို MHESI ထံ တင်ပြရန် လိုအပ်မည်ဖြစ်ကြောင်း MHESI ဝန်ကြီးက ပြောသည်။
MHESI က ဆန်းစစ်ပြီးနောက် အတည်ပြုချက်ရရှိထားသော အချက်အလက်များကို လဝကထံ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ပြီး လဝကဘက်က နေထိုင်ခွင့် ဗီဇာသက်တမ်းများကို အတည်ပြုနိုင်ရေး ပံ့ပိုးပေးမည်ဖြစ်ကြောင်း ဖော်ပြသည်။
နိုင်ငံတကာကျောင်းသားများ၏ အချက်အလက်များကို MHESI ထံပေးပို့ရေး အစီအစဉ်ကို လဝကဌာနဘက်ကလည်း သဘောတူထားပြီး မကြာမီ MoU လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း ဖော်ပြသည်။
Ref: The Nation Thailand, Thai Enquirer