ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်တွင် ယခုနှစ် သင်္ကြန်ကာလအပြီး ဧပြီလတတိယအပတ်တွင် ကလေးငယ်အချို့ သွေးလွန်တုပ်ကွေးဖြစ်ပွားပြီး ဖျားနာသူလည်း များနေကြောင်း ဒေသခံကျန်းမာရေးအသိုင်းအဝိုင်းထံမှ သိရသည်။
ကံပေါက်တိုက်နယ်ဆေးရုံတွင် သွေးလွန်တုပ်ကွေး စစ်ဆေးတွေ့ရှိပြီး ဆေးရုံတွင်ဆက်လက်ကုသနေသူနှင့် ထားဝယ် ဆေးရုံသို့ လွှဲပြောင်းပေးသည့် ကလေးလူနာလေးဦးရှိကြောင်း ဆေးရုံနှင့်နီးစပ်သည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။
“သွေးလွန်တုပ်ကွေး စစ်ပြီး လက္ခဏာပြင်းလာရင်တော့ ဒီမှာလည်း ဝန်ထမ်းအင်အား လုံလုံလောက်လောက် မဟုတ်တော့ ထားဝယ်ဆေးရုံကိုပဲ လွှဲပေးတယ်။ လက္ခဏာမပြင်းရင်တော့ ဒီမှာပဲ စောင့်ကြည့်ကုသပေးနေတယ်” ဟု ၎င်းက ဆိုသည်။
ယင်းအပြင် ပြင်ပဆေးခန်းများတွင်လည်း သင်္ကြန်ကာလအပြီး ဖျားနာလက္ခဏာဖြင့် ဆေးခန်းလာပြသူလည်း များနေကြောင်း ပြင်ပဆေးခန်းတစ်ခုထံမှ သိရသည်။
“ရာသီအကူးအပြောင်းဆိုတော့ ဖျားနာတဲ့သူများနေတယ်။ သင်္ကြန်တွင်းမှာ အရမ်းပူပြီး မိုးလည်းရွာလိုက်သေးတော့ ဖျားနာတဲ့သူ ပိုများသွားတယ်။ မိုးရွာထားတော့ ခြင်လည်းထွက်လာတယ်။ ခြင်လာတော့ သွေးလွန်တုပ်ကွေးက တွဲပါ လာတယ်” ဟု ကံပေါက်ဒေသခံ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောဆိုသည်။
နှစ်စဥ် ဧပြီလမှ စက်တင်ဘာလအထိသည် သွေးလွန်တုပ်ကွေးဖြစ်ပွားလေ့ရှိသည့် ရာသီဖြစ်သဖြင့် သွေးလွန်တုပ်ကွေး ကာကွယ်ရေး ဖုံး၊ သွန်၊ စစ်၊ လဲ ပညာပေးလုပ်ငန်းများကို အစိုးရက ယခင်က နေရာအနှံ့ဆောင်ရွက်နိုင်သော်လည်း အာဏာသိမ်းပြီးနောက် ကျန်းမာရေးဝန်ထမ်း အခက်အခဲကြောင့် နေရာအနှံ့ဆောင်ရွက်နိုင်ခြင်း မရှိတော့ကြောင်း ၎င်းက ဆိုသည်။
ဖုံး၊ သွန်၊ လဲ၊ စစ်မှာ ရေအိုး၊ ရေခွက်၊ ရေစည် စသည်တို့ကို ဖုံးအုပ်ထားခြင်း၊ ခြင်ခိုအောင်းနိုင်သော ရေအိုး၊ ရေခွက်များကို သွန်ပစ်ခြင်း၊ ဘုရားပန်းအိုးများကို ပုံမှန်လဲပေးခြင်း၊ ပိုးလောက်လန်းများကို ရေစစ်ဖြင့် စစ်၍ ဖယ်ရှားခြင်းတို့ ဖြစ်သည်။
ထားဝယ်မြို့ပေါ်တွင်မူ သွေးလွန်တုပ်ကွေးရောဂါဖြင့် ဆေးကုသမှုခံယူနေရသည့် လူနာမရှိသေးကြောင်း ထားဝယ်မြို့ခံဆရာဝန်တစ်ဦးက ပြောသည်။
သွေးလွန်တုပ်ကွေးရောဂါသည် နေ့ဘက်အကိုက်ခံရသည့် ခြင်ကျားမှ တစ်ဆင့် ကူးစက်သည့် ရောဂါဖြစ်ပြီး အရွယ်မရွေး ဖြစ်ပွားနိုင်ကာ အသက် ၁၅ နှစ်အထက် လူကြီးများတွင်ဖြစ်ပါက အသက်သေဆုံးမှုနှုန်း ပိုမြင့်မားကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ သွေးလွန်တုပ်ကွေး သတိပေးချက်တွင် ဖော်ပြသည်။