တနင်္သာရီမြို့နယ်၊ သဘော့လိပ်ကျေးရွာအုပ်စုတွင် ခဲအထွက်နည်းလာသဖြင့် ခဲသတ္တုလုပ်ကိုင်သူများက ဘုတ်ပြင်းမြို့နယ်ဘက်သို့ ပြောင်းရွှေ့ကြကြောင်း ခဲလုပ်သားများနှင့် ဒေသခံအချို့က ပြောသည်။
သဘော့လိပ်ရွာနှင့် အနီးဝန်းကျင်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလဝန်းကျင်မှစတင်ကာ ခဲအထွက်နှုန်းနည်းလာသဖြင့် တွက်ခြေမကိုက်ဖြစ်လာကြောင်း သဘော့လိပ်ရွာနေ အသက် ၂၇ နှစ်အရွယ် ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
ပြောင်းရွှေ့သွားသည့် ခဲလုပ်သားများမှာ တစ်နိုင်တစ်ပိုင် ရှာဖွေလုပ်ကိုင်နေကြသူများ၊ ဥယျာဉ်ခြံဝယ်ပြီး ခဲတူးနေသည့် လုပ်ငန်းရှင်အချို့နှင့် အဆိုပါခဲလုပ်ငန်းရှင်များထံတွင် လုပ်ကိုင်နေသူများလည်း ပါဝင်ပြီး လက်ရှိတွင် ဘုတ်ပြင်းမြို့နယ် ရတနာပုံသတ္တုမိုင်းဘက်သို့ ပြောင်းရွှေ့သွားကြကြောင်း ဒေသခံများက ပြောဆိုသည်။
အရေအတွက်မည်မျှ ပြောင်းရွှေ့သွားကြသည်ကိုမူ အသေးစိတ်မသိရသေးပေ။
”ခဲတွေက အရင်နှစ်တွေကဆိုလျှင် တစ်ရက်ကို ကောင်းကောင်းရတဲ့ရက်ဆို သုံးပိဿာအထိရတယ်။ အခုက တစ်ရက်ကို နှစ်ဆယ်သားရဖို့တောင် မနည်းရှာနေရတယ်” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။
ဘုတ်ပြင်းမြို့နယ် ရတနာပုံကျေးရွာနှင့် အနီးဝန်းကျင်တွင် ရတနာပုံသတ္တုမိုင်းရှိပြီး ထိုင်းနယ်စပ်နှင့် မနီးမဝေးတွင် တည်ရှိသည်။
ခဲသတ္တုလုပ်ကွက်များမှာ သဘော့လိပ်ရွာနှင့် ကြိမ်ချောင်းဝန်းကျင်တွင် အဓိကတည်ရှိပြီး ရွာအနီးနှင့် ရွာအပြင်တွင် ရှိသည့် လယ်များ၊ ကွမ်းသီးခြံများနှင့် ရော်ဘာခြံများ ဝယ်ယူကာ ခဲတူးဖော်နေခြင်းဖြစ်သည်။

“ခဲလုပ်ကွက်တွေကလည်း မရှိသလောက်ဖြစ်လာပြီ။ မရောင်းပေးတဲ့ ခြံတွေပဲကျန်တော့တယ်။ ကျန်တဲ့လုပ်ကွက်တွေ ကလည်း ရှာပြီးရင်းရှာနဲ့ ခဲက မရတော့ဘူး။ အခုဆိုရင် ရွာသားတွေပဲ ကျန်ခဲ့တယ်” ဟု အသက် ၂၅ နှစ်အရွယ် ခဲလုပ်သမတစ်ဦးက ပြောသည်။
ထိုကဲ့သို့ ခဲသတ္တုအထွက်နည်းလာသဖြင့် ဒေသခံ ခဲရှာဖွေသူများနှင့် ဥယျာဉ်ခြံဝယ်ယူပြီး ခဲသတ္တုတူးဖော်နေသူများသာ ကျန်တော့ကြောင်း အဆိုပါခဲလုပ်ကွက်များတွင် မြေတူးစက်မောင်းသည့် အမျိုးသားတစ်ဦးက ဆိုသည်။
တနင်္သာရီမြို့နယ်အတွင်း ခဲသတ္တု အလွန်အကျွံတူးဖော်နေခြင်းကြောင့် ဥယျာဉ်ခြံရှိ အပင်များသေဆုံးခြင်း၊ ချောင်းရေ နောက်ကျိလာခြင်း၊ မြစ်ချောင်းရေစီးကြောင်း ပျက်စီးသွားခြင်းများ ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။