မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ သုဝဏ္ဏရပ်ကွက်တွင် ရေတွင်းထဲ သေဆုံးနေသည့် အမျိုးသမီးကြီးတစ်ဦးကို ဧပြီလ ၂၃ရက် နံနက်ပိုင်းတွင် ရှာဖွေကယ်ဆယ်ရေးပြုလုပ်ခဲ့ရကြောင်း ရပ်ကွက်နေသူများနှင့် အရန်မီးသတ်၊ ပရဟိတ အဖွဲ့များထံမှ သိရသည်။
သေဆုံးသူသည် အသက် ၇၂နှစ်အရွယ် ဒေါ်ခင်ဌေးရီဖြစ်ပြီး သမီးဖြစ်သူနှင့်အတူ နေထိုင်သူဖြစ်ကြောင်း ရပ်ကွက်နေသူများက ပြောသည်။
ဧပြီလ ၂၂ရက် ည ၁၂နာရီခန့်ကတည်းက အိမ်အနီးရှိ ရေတွင်းထဲ ကျခြင်းဖြစ်ပြီး ယင်းသို့ကျနေသည်ကို ဧပြီလ ၂၃ရက် နံနက်ပိုင်း ရောက်မှသာ သိရှိသဖြင့် အရန်မီးသတ်များနှင့် ပရဟိတအသင်းများခေါ်ယူ ကယ်ဆယ်ရေးလုပ်ခဲ့ရကြောင်း ဖြစ်စဥ် အနီးရှိခဲ့သည့် ရပ်ကွက်နေသူတစ်ဦးက ဆိုသည်။
ရေတွင်းတွင် ထိုင်ခုံတစ်လုံးနှင့် ဖိနပ် ကျန်ရစ်ခဲ့သဖြင့် ရေတွင်းထဲ ခုန်ကျခြင်းဖြစ်နိုင်ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သူအချို့နှင့် ရပ်ကွက်နေသူအချို့က ပြောဆိုသည်။
“အိမ်က ရေတွင်းနဲ့ ကပ်နေတာပါ။ ခုန်ချတဲ့နေရာမှာ ခုံတစ်လုံးရယ် ဖိနပ်ရယ်ကျန်နေခဲ့ပါတယ်။ ခုန်ချသတ်လိုက်တာပါ။ ရဲတွေ စစ်ချက်ယူပြီး ရင်ခွဲရုံကို ပို့လိုက်ပါတယ်။ ရေတွင်းအနက်က ပေသုံးဆယ်ကျော်လောက်ရှိတယ်။ ရေမရှိဘူး ရေခမ်း နေပါတယ်” ဟု ၎င်းက ပြောသည်။
ရုပ်အလောင်းကို မြိတ်မြို့ခံ ပရဟိတအသင်းတစ်ခုက မြိတ်မြို့ရှိ စစ်ကောင်စီတပ်ဆေးရုံသို့ ရင်ခွဲ စစ်ဆေးနိုင်ရန် ပို့ဆောင်ထားကြောင်း ၎င်းက ဆိုသည်။