BREAKING
April 24, 2025

ထားဝယ်အရှေ့တောတွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ရွာသားတစ်ဦးသေဆုံး

April 24, 2025

ထားဝယ်အရှေ့တောဒေသတွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့သဖြင့် တောင်သုံးလုံး ရွာသားတစ်ဦး သေဆုံးကြောင်း ဒေသခံအချို့နှင့် စစ်ရေးသတင်းအရင်းအမြစ်အချို့က ပြောသည်။

ယနေ့ ဧပြီလ ၂၃ ရက် နံနက်ပိုင်းတွင် တောင်သုံးလုံး၊ ကျောက်မဲတောင်ရွာ ပတ်ဝန်းကျင်တွင် စစ်ရေးတင်းမာခဲ့ပြီး တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း မွန်းလွဲ ၁ နာရီခန့်တွင် စစ်ကောင်စီတပ်က K8W တိုက်လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ကြောင်း ၎င်းတို့က ဆိုသည်။

တောင်သုံးလုံးရွာစာသင်ကျောင်းကို ဗုံးထိမှန်ခဲ့ပြီး စက်သေနတ်ဖြင့်ပါ ပစ်ခတ်ခဲ့သောကြောင့် အသက် ၃၀ ကျော်အရွယ် ကိုအီစာ သေဆုံးကြောင်း ဒေသခံအချို့နှင့် စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးတို့က ပြောဆိုသည်။

စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်-KNLA / ပြည်သူ့ကာကွယ် ရေးတပ်-PDF ပူးပေါင်း တပ်များကြား စစ်ရေးတင်းမာနေပြီး တိုက်ပွဲများ ဖြစ်ပွားနိုင်သဖြင့် ကျောက်မဲတောင်နှင့် တောင်သုံးလုံးကျေးရွာတို့က ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်ကြရကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်သည် ယနေ့ ညနေပိုင်းတွင် ထားဝယ်အရှေ့တောဒေသရှိ ပကာရီကျေးရွာဘက်သို့ ရေဝိုင်းရွာဘက်က စစ်ကြောင်းတစ်ကြောင်း လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ကာ စစ်ကြောင်းထိုးနေကြောင်း ဒေသခံအချို့က ပြောဆိုသည်။

ထားဝယ်အရှေ့တောဒေသမှ ထားဝယ်မြို့ဘက်သို့သွားသည့် ရေဝိုင်းရွာဘက်ရှိ ဘုရားမဲ စစ်ဆေးရေးအဝင် ဂိတ်ကိုလည်း ပိတ်ထားကြောင်း ဒေသခံများက ဆိုသည်။