မြောက်ကိုရီးယားက ၎င်း၏ ပထမဆုံး စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးဂြိုလ်တုကို ပစ်လွှတ်ရန် အသင့်ဖြစ်နေကြောင်း နိုင်ငံပိုင်မီဒီယာ မှတစ်ဆင့် ယခုသီတင်းပတ်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ဤဖြစ်စဉ် အပြီး မြောက်ကိုရီးယား၏ ပဲ့ထိန်းဒုံးကျည်ကို ပစ်ချနိုင်ဖို့ရာ ပြင်ဆင်ထားကြရန် ဂျပန်အစိုးရ က ၎င်း၏ စစ်တပ်ကို ဧပြီလ ၂၂ရက်နေ့တွင် အမိန့်ပေးခဲ့ကြောင်း သိရသည်။
ယင်းဂြိုဟ်တုကို ပတ်လမ်းတွင်းသို့ ချထားနိုင်ရန် တာဝေးပစ်ဒုံးကျည် နည်းပညာကို စမ်းသပ်ရမည် ဖြစ်သည့်အတွက် တားမြစ်ခံထားရသည့် မြောက်ကိုရီးယား အနေနှင့် ဤအခြေအနေကို အသုံးပြုကာ တာဝေးပစ် ဒုံးကျည်ဆိုင်ရာ နည်းပညာစမ်းသပ်မှု ဆောင်ရွက်ဖွယ်ရှိကြောင်း ကုလသမဂ္ဂက ရှုမြင်ထားသည်။
ဧပြီလ ၂၂ရက်နေ့တွင် ဂျပန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး ယာဆာကူဆူ ဟာမာဒါ က နိုင်ငံ၏ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့အား ပဲ့ထိန်းဒုံးကျည်များနှင့် အခြားသော အရာများကို ဖျက်ဆီးရန် အမိန့်ထုတ်နိုင်ခြေရှိသည် ဟု ပြောကြားခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ထုတ်ပြန်စာ အရ ဟာမာဒါ က ၎င်းတပ်ဖွဲ့ဝင်များအား “ပဲ့ထိန်းဒုံးကျည် ပြုတ်ကျမှုတွင် ပျက်စီးဆုံးရှုံးမှုကို ကန့်သတ်ရန် လိုအပ်သော အစီအမံများကို အကောင်အထည်ဖော်ရန်” ညွှန်ကြားခဲ့သည်။
ထို့အပြင် SM-3 ဒုံးကျည်ကြားဖြတ်တပ်များ တပ်ဆင်ထားသည့် ဖျက်သင်္ဘောများ နှင့် Patriot PAC-3 ဒုံးကျည်များကို လည်ပတ်နိုင်သော အိုကီနာဝါပြည်နယ် တောင်ပိုင်းရှိ စစ်ဘက်ဆိုင်ရာတပ်ဖွဲ့များ ကို ဖြန့်ကျက်နိုင်ရေး အတွက် ပြင်ဆင်မှုများကို ဆောင်ရွက်ရန် အမိန့်ပေးခဲ့သည်။
ဧပြီ ၁၈ရက်နေ့က ဂျပန်နိုင်ငံတွင် ကျင်းပခဲ့သည့် G7 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ယခုနှစ်အတွင်း လွှတ်တင်မှုများ အရှိန်အဟုန်ပြင်းလာပြီးနောက် မြောက်ကိုရီးယားနိုင်ငံအနေနှင့် နောက်ထပ် ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုများကို ရှောင်ကြဉ်ရန် တောင်းဆိုခဲ့သည်။
အဆိုပါ G7 အဖွဲ့ဝင် နိုင်ငံများသည် မြောက်ကိုရီးယားအစိုးရကို နျူကလီးယား လက်နက်စမ်းသပ်မှု မပြုလုပ်ရန် သတိပေးခဲ့ပြီး လိုက်နာမှု မရှိပါက ပြင်းထန်သော တုံ့ပြန်မှုရှိလာမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မကြာသေးသည့် သီတင်းပတ်တွင်း မြောက်ကိုရီးယား အစိုးရသည် လောင်စာ တောင့်တင်းသော တိုက်ချင်းပစ်ဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့သည့်အတွက် ၎င်း၏ နျူကလီးယား တန်ပြန်တိုက်ခိုက်ရေး စွမ်းရည်အတွက် အောင်မြင်မှုတစ်ခုအဖြစ် ချီးကျူးဂုဏ်ပြုခဲ့သည်။
Reference ● AFP ● Thai PBS World