BREAKING
March 26, 2025

Flow ရုပ်ရှင်ကြောင့် ကြောင်နက်လေးများကို မွေးစားသူ များလာ

March 24, 2025

လတ်ဗီးယားနိုင်ငံမှ ဖန်တီးထုတ်လုပ်လိုက်သည့် ‘Flow’ အက်နီမေးရှင်းရုပ်ရှင်ကားကြောင့် ကြောင်နက်များကို မွေးစားသူပိုများလာကြောင့် ပိုလန်အခြေစိုက် TVP World သတင်းဌာနက ဖော်ပြသည်။

ယင်းရုပ်ရှင်ကြောင့် လက်ရှိတွင် လူအများက ကြောင်နက်များကို ပိုမိုသဘောကျနှစ်သက်လာကြပြီး ၊ ကြောင်နက်များကို မွေးစားသည့်အိမ်များ ပိုမိုတိုးပွားလာသည်ဟု ဆိုသည်။

အကယ်ဒမီဆုရထားသည့် အက်နီမေးရှင်းရုပ်ရှင် “Flow” သည် ကြောင်နက်များအပေါ် လူအများ၏ အမြင်ကို ပြောင်းလဲစေခဲ့သည်ဟု ယင်းသတင်းဌာနက ဆိုသည်။

ယင်းရုပ်ရှင်တွင် အနက်ရောင်ကြောင် ကလေးတစ်ကောင်ကို အဓိကသရုပ်ဆောင်အဖြစ် ထည့်သွင်းဖန်တီးထားသည်။

ရေကြီးမှုတစ်ခု ဖြစ်ပြီးနောက် အခြားတိရစ္ဆာန်များနှင့်အတူ လှေတစ်စီးပေါ်တွင် သောင်တင်ပိတ်မိနေသည့် အနက်ရောင်ကြောင်ကလေးတစ်ကောင်၏ ဇာတ်လမ်းဖြစ်သည်။

တကိုယ်တည်းအထီးကျန်ဖြစ်ကာ ကြောက်ရွံ့နေသည့် အဆိုပါ ကြောင်နက်ကလေးက ၎င်း၏ အဖော်များအပေါ် ယုံကြည်မှုရှိလာပြီး အသက်ရှင်ရန် ရုန်းကန်သည့်အကြောင်း ဇာတ်အိမ်တည်ထားသည်။

ယင်းရုပ်ရှင်ကြောင့် လူတော်တော်များများက ၎င်းတို့ မွေးမြူသည့် ကြောင်နက်ကလေးများကို ‘Flow’ ဟု နာမည်ပေးလာကြသည်ဟု TVP World သတင်းဌာနက ဆိုသည်။

ကံဆိုးမှုနိမိတ်ဟု ရှုမြင်ခံခဲ့ရသည့် အနက်ရောင်ကြောင်ကလေးများအပေါ် Flow ရုပ်ရှင်က ကျေးဇူးပြုသည်ဟု ဘရာဇီးနိုင်ငံအခြေစိုက် တိရစ္ဆာန်အခွင့်အရေးအဖွဲ့အစည်းတစ်ခုက ဆိုသည်။

အဆိုပါ ရုပ်ရှင်သည် အော်စကာနှင့် ရွှေကမ္ဘာလုံးဆုအပါအဝင် ဆုပေါင်း ၅၀ ကျော် ချီးမြှင့်ခံခဲ့ရပြီး လတ်ဗီးယားနိုင်ငံတွင် အင်မတန်လူကြိုက်များသည့် ရုပ်ရှင်ကားတစ်ကားဖြစ်လာခဲ့သည်။

လတ်ဗီးယားနိုင်ငံ၏ မြို့တော်ရီဂါတွင် အဆိုပါ ရုပ်ရှင်ထဲမှ ကြောင်နက်ကလေး၏ ပန်းချီပုံကြီး ရေးဆွဲပြသထားသည်။ ကမ္ဘာ့လှည့်ခရီးသွားများက အဆိုပါ ပန်းချီကို ညဘက်တွင် သွားရောက်လည်ပတ်ကြည့်ရှုကြသည်။

ယခင်က ရုပ်ရှင်အချို့ကြောင့် လူအများက အိမ်မွေးတိရစ္ဆာန်အချို့ မွေးမြူပြီး နောက်ပိုင်းပြန်လည်စွန့်ပစ်ခဲ့သည်များလည်း ရှိသည်။

Lassie ၊ 101 Dalmatians ၊ Snow Dogs စသည့် ရုပ်ရှင်များကြောင့် အချို့သော ခွေးအမျိုးအစားများ ပိုမိုလူကြိုက်များလာခဲ့ဖူးသည်။

နောက်ပိုင်းတွင် ပိုင်ရှင်တော်တော်များများက ယင်းခွေးအမျိုးအစားများကို ဂရုစိုက်မစောင့်ရှောက်နိုင်တော့ဟုဆိုကာ ပြန်လည်စွန့်ပစ်ခဲ့ကြသည်။

လတ်ဗီးယားနိုင်ငံမှ တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးဂေဟာတစ်ခုက ၎င်းတို့ဂေဟာတွင် ကြောင်နက်ကလေးများ သိသိသာသာ တိုးပွားလာခြင်းမရှိဟု ဆိုသည်။

“ကြောင်နက်တွေ တဟုန်ထိုးတိုးလာတာမျိုး မရှိတဲ့အတွက် ကျွန်မဝမ်းသာပါတယ်”ဟု အဆိုပါဂေဟာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လူအများက “Flow” ရုပ်ရှင်ထဲမှ ကြောင်နက်ကလေးများကိုသာ လိုက်ရှာနေခြင်းမဟုတ်သည်မှာလည်း ကောင်းသော အရာတစ်ခု ဖြစ်သည်ဟု သူမက ဆိုသည်။

သို့သော်လည်း “Flow” ရုပ်ရှင်ကြောင့် ကြောင်နက်ကလေးများကို ချစ်ခင်သူ ၊ မွေးမြူတို့ တိုးပွားလာစေရေး တိရစ္ဆာန်ချစ်သူများမှ မျှော်လင့်လျက်ရှိသည်။

Source: TVP World