မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကြာဖြူကျေးရွာနှင့် ခမိတ်ကျေးရွာကြား ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်တွင် မော်တော်ယာဉ်များကို စစ်ဆေးနေသည့် စစ်ကောင်စီ စစ်ဆေးရေးအဖွဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး နှစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရကြောင်း စစ်ကောင်စီနှင့် နီးစပ်သူများ၊ ဒေသခံများထံမှ သိရသည်။
မတ်လ ၂၃ ရက် ညနေ ၅ နာရီခွဲခန့်က ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်တွင် စစ်ဆေးရေးလုပ်နေသည့် စစ်ကောင်စီ လက်အောက်ခံ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ကို လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်ခဲ့ကြောင်း ၎င်းတို့က ပြောသည်။
ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် ဒုစုံစမ်းစစ်ဆေးရေးမှူး ဦးမင်းသူနှင့် လက်ထောက်စုံစမ်းစစ်ဆေးရေးမှူး ဦးမျိုးသန့်တို့နှစ်ဦး အခင်းဖြစ်ရာနေရာတွင်ပင် သေဆုံးခဲ့ပြီး စုံစမ်းစစ်ဆေးရေးမှူး ဦးသူရစိုး အပြင်းအထန် ဒဏ်ရာရကြောင်း ၎င်းတို့က ဆိုသည်။
“အဲဒီအဖွဲ့က ကြာဖြူနှင့် ခမိတ်ရွာကြားလမ်းမကြီးမှာ ဖြတ်သန်းသွားလာနေတဲ့ ကုန်တင်ယာဉ်တွေကို စစ်ဆေးနေတဲ့အဖွဲ့ ဖြစ်တယ်” ဟု စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
စုံစမ်းစစ်ဆေးရေးမှူး ဦးသူရစိုးမှာ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း ၎င်းက ဆိုသည်။
အဆိုပါ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ကို မည်သည့်လက်နက်ကိုင်အဖွဲ့က ပစ်ခတ်တိုက်ခိုက်သည်ကိုမူ အတည်ပြုရန် ကြိုးပမ်းနေဆဲဖြစ်သည်။
အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ပစ်ခတ်ခံရပြီးနောက် ကြာဖြူကျေးရွာနှင့် ခမိတ်ကျေးရွာဘက်တွင် စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ပြီး ရှာဖွေစစ်ဆေးနေသည့်အပြင် လက်နက်ကြီးဖြင့်လည်းပစ်ခတ်နေကြောင်း ဒေသခံတို့ထံမှ သိရသည်။
ကျိုက်ထိုမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းတစ်လျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များကို တော်လှန်ရေး တပ်ဖွဲ့များက မကြာခဏ ပစ်ခတ်တိုက်ခိုက်လေ့ရှိသည့်အပြင် ဖြတ်သန်းသွားလာနေသည့် စစ်ကောင်စီယာဉ်တန်းများ၊ စစ်ဆေးရေးအဖွဲ့များကိုလည်း မကြာခဏ တိုက်ခိုက်လေ့ရှိသည်။