ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ် ပေထုတ်တန်ရှင်နာဝပ်အပေါ် အယုံအကြည်မရှိအဆိုကို ယနေ့ လွှတ်တော်ထဲတွင် အချေတင်ဆွေးနွေးခဲ့ရာ သက်ဆင်လွှမ်းမိုးမှုရှိသော ဝန်ကြီးချုပ်ကို ရုပ်သေးရုပ်ဝန်ကြီးချုပ်ဟု ခေါ်ဝေါ်သုံးစွဲခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ထိုင်းဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ်သည် ညွန့်ပေါင်းအစိုးရအဖွဲ့ကို ထိထိရောက်ရောက် ဦးဆောင်စီမံနိုင်ခြင်းမရှိသဖြင့် အတိုက်အခံပါတီဖြစ်သော ပြည်သူ့ပါတီခေါင်းဆောင် Natthaphong Ruengpanyawut က ပြီးခဲ့သောဖေဖော်ဝါရီလ အယုံအကြည်မရှိအဆိုကို တင်သွင်းခဲ့ခြင်းအတွက် ယနေ့တွင် စတင်ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးချုပ်ကို အယုံအကြည်မရှိကြောင်း အဆိုအတွက် မနက်ဖြန် မတ်လ ၂၅ ရက်နေ့တွင် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ပြီး မတ်လ ၂၆ ရက်နေ့တွင် မဲပေးဆုံးဖြတ်သွားမည်ဖြစ်သည်။
ဝန်ကြီးချုပ်၏ အခွန်ရှောင်မှုနှင့် ဖခင်ဖြစ်သူ သက်ဆင်ရှင်နာဝပ်၏ လွှမ်းမိုးမှုများအတွက် အဓိက ဝေဖန်ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်အဆင့် ဆုံးဖြတ်ချက်ချသည့်အချိန်များတွင် သက်ဆင်မိသားစုက လွှမ်းမိုးနေမှု ပိုများနေသဖြင့် ဝန်ကြီးချုပ်သည် ရုပ်သေးရုပ် ဝန်ကြီးချုပ်ဟု Natthaphong Ruengpanyawut က သုံးနှုံးခဲ့သည်။
“ကျွန်တော်တို့မှာ ပြင်ပက အုပ်ချုပ်တဲ့သူ ရှိနေတယ်။ တာဝန်ခံမှုမရှိပဲ အစိုးရပေါ်လစီတွေကို ညွှန်ကြားနေတာမျိုးပေါ့။ တာဝန်ယူထားတဲ့သူကလည်း အရည်အချင်းမရှိဘူး။ ညွှန်ကြားနေတဲ့ တစ်ယောက်ကလည်း တာဝန်ခံမှုမရှိဘူး” ဟု Natthaphong Ruengpanyawut က ဆိုသည်။
လက်ရှိဝန်ကြီးချုပ်သည် ကိုယ်ရေးကိုယ်တာကိစ္စနှင့် မိသားစုကိစ္စများကိုသာ အရေးပေးနေပြီး စီးပွားရေးတိုးတက်မှုနှုန်း ကျဆင်းလာမှု၊ သဘာဝပတ်ဝန်းကျင်အရေးများအပေါ် စီမံကွပ်ကဲမှုမရှိကြောင်း ၎င်းက ဆွေးနွေးသည်။
အစိုးရ ကတိပေးထားသော ၅ ရာခိုင်နှုန်းအထိ စီးပွားရေးတိုးတက်လာရန်မှာလည်း ပေါ်လစီများ ပြင်ဆင်ပြဌာန်းမှု အားနည်းသဖြင့် ၂ ဒသမ ၅ ရာခိုင်နှုန်းအထိသာ တိုးတက်လာခဲ့ကြောင်း ဆွေးနွေးထားသည်။
အထူးသဖြင့် ပြည်သူများအတွက်မဟုတ်ဘဲ ရင်းနှီးကျွမ်းဝင်သော စီးပွားရေးလုပ်ငန်းများ၏ အကျိုးအမြတ်များအတွက်သာ စီးပွားရေးပေါ်လစီများ ချမှတ်ထားပြီး လုပ်ဆောင်နေခြင်းကြောင့်ဖြစ်ကြောင်း ၎င်းက ထောက်ပြသည်။
လက်ရှိထိုင်းနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးပြဿနာများသည် ဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ်နှင့် ဖခင်ဖြစ်သူ သက်ဆင်ရှင်နာဝပ်တို့နှစ်ဦး ပူးတွဲစီမံနေမှုများကြောင့် ပိုမိုဆိုးရွားလာကြောင်း ပြည်သူ့ပါတီခေါင်းဆောင် Natthaphong Ruengpanyawut က ဆွေးနွေးခဲ့သည်။
ပရာယွတ်ချာအိုချာလက်ထက် ဒုဝန်ကြီးချုပ်ဖြစ်သူ Palang Pracharath Party ၏ ပရာဝစ်လည်း လွှတ်တော်စတင်ပြီး ၁ နှစ်နှင့် ၆ လ အကြာ လွှတ်တော်ထဲ ပြန်လည်မြင်တွေ့ရပြီး လက်ရှိဝန်ကြီးချုပ်ကို အပျော်တမ်းသမားဟု ခေါ်ဝေါ်သုံးစွဲခဲ့သည်။
ပရာဝစ်သည် လက်ရှိ လွှတ်တော် ဥက္ကဋ္ဌ ရွေးကောက်ပွဲနှင့် ပီတာကို ဝန်ကြီးချုပ် ရွေးချယ်ပွဲများတွင်သာ လွှတ်တော်ထဲ တက်ရောက်ဖူးသူဖြစ်သည်။
ထိုင်းနိုင်ငံသည် အပျော်တမ်းသမားအတွက် လေ့ကျင့်ရေးကွင်းမဟုတ်ကြောင်း ပရာဝစ်က ပြောသည်။
ဝန်ကြီးချုပ် ပေထုတ်တန်ရှင်နာဝပ်က အယုံအကြည်မရှိအဆို ဆွေးနွေးမှုများကို တန်ပြန်ဖြေရှင်းနေပြီး ပရာဝစ်ပြောဆိုချက်များနှင့် ပတ်သက်၍ “စီနီယာပြောတဲ့ အရာတွေက မမှန်ဘူး” ဟု တုံ့ပြန်ပြောဆိုထားသည်။
Ref: Thai Enquirer, REUTERS, Bangkok Post