BREAKING
March 25, 2025

မြိတ်မှတနင်္သာရီကိုလာသည့် စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲခံရ

March 24, 2025

ပုံစာ-တနင်္သာရီမြို့နယ် ရမ်းဖိုရွာအား တွေ့ရစဉ်(ပုံဟောင်း)

မြိတ်မြို့ဘက်မှ တနင်္သာရီမြို့နယ်ဘက်လာသည့် စစ်ကောင်စီယာဥ်တန်းကို ဘန်းလမွတ်ကျေးရွာအုပ်စု အရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံအချို့အပါအဝင် တော်လှန်ရေးတပ်များနှင့် နီးစပ်သူအချို့ထံမှ သိရသည်။

ကား ၈ စီးပါ စစ်ကောင်စီတပ် ယာဥ်တန်းကို (ယနေ့)မတ်လ ၂၄ ရက် နံနက် ၁၁နာရီဝန်းကျင်တွင် ဘန်းလမွတ်ကျေးရွာအုပ်စု ရမ်းဖိုရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူအချို့က ဆိုသည်။

ထိုကဲ့သို့ မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ယာဥ်တန်းပါ ကားတစ်စီးထိခိုက်သွားသော်လည်း ထိခိုက်မှုအခြေအနေကို မသိရသေးကြောင်း တော်လှန်ရေးတပ်ဖွဲ့ ဝင်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

”ထိသွားတဲ့ကားက အထိအခိုက်တော့များမယ်ထင်တယ်။ အင်အားက လမ်းကင်းယူထားတာနဲ့ဆို တော်တော်လေးများမယ်ထင်တယ်”ဟု ၎င်းကဆိုသည်။

အဆိုပါ စစ်ကောင်စီတပ်ကားများက မြိတ်ဘက်မှ သိန်ခွန်းရွာဘက်သို့ စစ်ကူသွားမည့် ကားများဖြစ်နိုင်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထို့အပြင် သိန်ခွန်းရွာဘက်ရှိ ဒဏ်ရာရစစ်ကောင်စီ တပ်သားများကို ပြန်သယ်ရန်လည်း ဖြစ်နိုင်ကြောင်း၎င်းကဆိုသည်။

”တိုက်ခိုက်ခံရပြီး အမတ ၃၀၆ တပ်မှာ ခဏနားပြီး အပေါ်ဖက်ကို တန်းတက်သွားတာ။အခုပါလာတဲ့ စစ်သားတွေက သင်တန်းဆင်း လူသစ်တွေများတယ်။ သိန်ခွန်းဘက်က စစ်ကြောင်း အထိနာထားတာရယ် လူနာတွေကို အောက်ဘက်ပြန်သယ်မယ် သတင်းကြားထားတယ်”ဟု ၎င်းကဆိုသည်။

ယာဉ်းတန်းပါ ကားတစ်စီးလျှင် စစ်ကောင်စီတပ်သား ၂၀ ကျော်နှင့် ရိက္ခာများ ပါဝင်ကြောင်း အသက် ၄၄ နှစ်အရွယ်တော်လှန်ရေး တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

သို့သော် ယင်းပြောဆိုချက်များနှင့် ပတ်သက်၍ Dawei Watch မှ သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့ကလည်း ရမ်းဖိုရွာသို့ရောက်နေသည့် စစ်ကောင်စီတပ်သား ၈၀ ဝန်းကျင်က ရွာသားများကို ဖမ်းဆီးစစ်ဆေးခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်သည့် တနင်္သာရီ-မောတောင်လမ်းကို ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီတပ်က သိန်ခွန်းရွာဝန်းကျင်ကို စစ်ကြောင်းထိုးနေသည်မှာ ၃ လ‌ကျော်ရှိလာပြီဖြစ်ပြီး တိုက်ပွဲများ တောက်လျှောက် ပြင်းထန်နေသည်။

စစ်ကောင်စီတပ်က သိန်ခွန်းရွာအနီးဝန်းကျင်ရှိ လူနေကျေးရွာများအတွင်းသို့ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများ ခပ်စိပ်စိပ်လုပ်ဆောင်နေသဖြင့် အရပ်သားထိခိုက် သေဆုံးမှုများလည်း ရှိနေသည်။