ရေဖြူမြို့နယ် ညင်းထွေးရွာနှင့် ကျောက်ကညာရွာကြား မတ်လ ၂၄ ရက်(ယနေ့)နံနက်က ဖြစ်ပွားသည့်တိုက်ပွဲ၌ ညင်းထွေးရွာသား အမျိုးသားတစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံများကပြောသည်။
လက်နက်ကြီးထိမှန်သေဆုံးသူမှာ ညင်းထွေးရွာသား အသက် ၄၀ ကျော်အရွယ်ရှိ ကိုငယ်သား ဆိုသူဖြစ်ကြောင်း ဒေသခံများကပြောသည်။
ကိုငယ်သားသည် တိုက်ပွဲဖြစ်နေချိန် နံနက် ၁၀ နာရီကျော်ခန့်တွင် ဥယျာဉ်ခြံထဲမှ နေအိမ်သို့ ပြန်ရောက်လာစဉ် စစ်ကောင်စီတပ်ကပစ်သည့် လက်နက်ကြီးတစ်လုံး အိမ်နားကျရောက်ပေါက်ကွဲပြီး လက်နက်ကြီးကျည်စ ထိမှန်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးကပြောသည်။
“သူကခြံထဲကနေ ဆိုင်ကယ်နဲ့အိမ်ပြန်လာတဲ့အချိန် အိမ်ရှေ့မှာပဲ လက်နက်ကြီးလာကျပြီး ကျည်စမှန်တယ် ရင်ဘတ်မှာ ထိတယ်”ဟု ၎င်းကပြောသည်။
ယနေ့ နံနက် စောစောပိုင်းတွင် ညင်းထွေးရွာနှင့် ကျောက်ကညာရွာကြား၌ စစ်ကောင်စီတပ်က လမ်းကင်းချထားသည်ဟုဒေသခံများကပြောသည်။
ထိုလမ်းကင်းချထားသည့် စစ်ကောင်စီတပ်သားများ တပ်ပြန်ရုပ်ချိန်တွင် တော်လှန်ရေးတပ်ဖွဲ့က စောင့်ကြိုပစ်ခတ်ရာမှ နံနက် ၉ နာရီခန့်ကစ၍ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများကပြောသည်။
ယင်းတိုက်ပွဲတွင် ကျောက်ကညာရွာအခြေစိုက် စစ်ကောင်စီ၏ အမတ ၃၀၄ အမြောက်တပ်မှလည်း လက်နက်ကြီးများဖြင့် ပစ်ခဲ့ပြီး ယင်းတို့အနက် လက်နက်ကြီး ၄ လုံးမှာ ညင်းထွေးရာနှင့် ရွာအပြင်သို့ ကျရောက်ပေါက်ကွဲပြီး အမျိုးသားတစ်ဦး ထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်။
ထို့အပြင် နှစ်ဖက်ပစ်ခတ်မှု ဖြစ်နေချိန်အတွင်း စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စင်း ကျောက်ကညာရွာနှင့် ညင်းထွေးရွာ ကောင်းကင်ယံတွင် ဝဲပျံလျက်ရှိသည့်အတွက် လေကြောင်းတိုက်ခိုက်လာမည်ကို စိုးရိမ်ကြောင်းလည်း ဒေသခံများက ပြောသည်။