ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာအတွင်း၌ ရှိသော နဘုလယ်ခြေတော်ရာဘုရားအနီးတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့ ယနေ့ မတ်လ ၂၄ ရက် မွန်းလွှဲပိုင်းတွင် နှစ်ဖက် ထိတွေ့ပစ်ခတ်မှုဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း ပြန်လည် စတင်ရန် စစ်ကောင်စီနှင့် ရုရှာနိုင်ငံအစိုးရတို့ သဘောတူညီမှုရပြီးနောက် စစ်ကောင်စီတပ်သည် မတ်လ ၁၃ ရက်ကစပြီး ထားဝယ်အထူးစီးပွားရေးဇုန်ကို စစ်အင်အားဖြည့်တင်းလာခြင်း ဖြစ်သည်။
ယင်းသို့ အင်အားဖြည့်ထားရာမှ အင်အား ၁၀၀ ခန့်ရှိသည့် စစ်ကြောင်းတစ်ကြောင်းသည် မတ်လ ၂၀ ရက်မှ စ၍ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း စစ်ကြောင်းထိုးလှုပ်ရှားနေကြောင်း ဒေသခံများက ဆိုသည်။
ယနေ့ မွန်းလွှဲ ၁ နာရီခန့်တွင်မူ နဘုလယ်ဒေသ လဲရှောင်ရွာအနီး ခြေတော်ရာဘုရားအနီးတွင် နှစ်ဖက်ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။
“စစ်ကြောင်း စစထိုးချင်း ရွာထဲဝင်လာပြီး လေးရက်လောက် ပျောက်နေတယ်။ စစ်ကြောင်းက အခုမှ အဲဒီခြေတော်ရာ ဘုရားအနီး ပေါ်လာတော့ တိုက်ပွဲဖြစ်ကြတယ်။ လက်နက်ကြီးတွေ ပစ်ကြတာက များတယ်” ဟု ၎င်းက ပြောသည်။
မိနစ်သုံးဆယ်ခန့်ကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီးနောက် ငြိမ်သက်သွားကြောင်း ဒေသခံများထံမှ သိရသည်။
ထို့ကြောင့် တိုက်ပွဲဖြစ်သည့်နေရာနှင့် အနီးဆုံးဖြစ်သည့် ပရဒပ်၊ လဲရှောင်၊ ထိန်ကြီး စသည့် ကျေးရွာများမှ ဒေသခံပြည်သူများမှာ အရေးပေါ် စစ်ဘေးရှောင်ထွက်ပြေးနေရကြောင်း နဘုလယ်ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
“တိုက်ပွဲက စဖြစ်ပြီပေါ့နော်။ ကျွန်တော်ကတော့ မိသားစုကို အဝေးနေရာကို ရှောင်ခိုင်းလိုက်ပြီ” ဟု ၎င်းက ပြောဆိုသည်။
ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို ပြန်လည်အကောင်အထည်ဖော်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများလုပ်ဆောင်ရန် စစ်ကောင်စီ၏တိုင်းဝန်ကြီးချုပ်က မတ်လ ၁၁ ရက်က တိုင်းအစိုးရရုံးတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောဆိုခဲ့သည်။
ယင်းနောက် မတ်လ ၁၃ ရက်ကစပြီး စစ်ကောင်စီတပ်သည် ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းရှိ ရေနက်ဆိပ်ကမ်း စီမံကိန်း ဧရိယာအတွင်းကို အင်းအားဖြည့်တင်းလာပြီး နဘုလယ်ဒေသတစ်ကြော စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။