BREAKING
March 26, 2025

တရုတ်က ၂ နှစ်အတွင်း ထိုင်ဝမ်ကို ကျူးကျော်တိုက်ခိုက်ရန်ရှိဟု အမေရိကန်ထောက်လှမ်းရေးပြော

March 24, 2025

တရုတ်သမ္မတရှီကျင့်ဖျင်သည် ၂၀၂၇ မတိုင်မီ ထိုင်ဝမ်ကို ကျူးကျော်တိုက်ခိုက်ရန် ရည်ရွယ်နေကြောင်း အမေရိကန်ထောက်လှမ်းရေးအစီရင်ခံစာတစ်ခုကို ကိုးကား၍ ထိုင်ဝမ်အခြေစိုက် Focus Taiwan သတင်းဌာနက ဖော်ပြသည်။

“တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင်မှုအတွင်း ကြွယ်ဝချမ်းသာမှုနှင့် အကျင့်ပျက်ခြစားမှုများ” ဟု ခေါင်းစဉ်တပ်ထားသည့် အဆိုပါ အစီရင်ခံစာကို အမေရိကန်နိုင်ငံ ထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံး (DNI) က မတ်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

သမ္မတရှီကျင့်ဖျင်သည် ယင်းကျူးကျော်မှုလုပ်ဆောင်ရန် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ကို ခေတ်မီစစ်တပ်တစ်တပ် ဖြစ်လာစေရေးအတွက် စစ်တပ်အတွင်း အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကို ဆောင်ရွက်လျက်ရှိသည်ဟု ယင်းအစီရင်ခံစာက ဆိုသည်။

တရုတ်နိုင်ငံတွင် အစိုးရအရာရှိအားလုံး၏ ၆၅ ရာခိုင်နှုန်းမှာ လာဘ်ပေးလာဘ်ယူမှုတွင် ပါဝင်ပတ်သက်နေကြကြောင်း ယင်းအစီရင်ခံစာက ဖော်ပြသည်။

တရုတ်သမ္မတရှီကျင့်ဖျင် အာဏာရလာသည့် ၂၀၁၂ ခုနှစ်မှ စ၍ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လာခဲ့ရာ အစိုးရရာထူးအဆင့်အလုံးစုံမှ အရာရှိ ၅ သန်းနီးပါးသည် လာဘ်ပေးလာဘ်ယူမှု ကျူးလွန်ခဲ့ကြောင်း တွေ့ရှိခဲ့ရသည်ဟု ယင်းအစီရင်ခံစာက ဆိုသည်။

တရုတ်သမ္မတရှီကျင့်ဖျင်၏ ဆယ်စုနှစ်တစ်ခုကျော်ကြာလာသည့် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကမ်ပိန်းသည် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) ခေါင်းဆောင်မှုအတွင်းမှ ကျယ်ကျယ်ပြန့်ပြန့် အကျင့်ပျက်ခြစားမှုများကို ပစ်မှတ်ထားရှင်းလင်းခဲ့သည်။

အဆိုပါ အကျင့်ပျက်ခြစားမှုများတွင် ရာထူးတိုးရန်အတွက် လာဘ်ပေးသည့် ယဉ်ကျေးမှုအစဉ်အလာပါဝင်ပြီး အဆိုပါ အစဉ်အလာမှာ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး ကမ်ပိန်းစတင်ပြီး ဆယ်စုနှစ်တစ်ခုကြာသည်အထိ ဆက်လက်တည်ရှိနေသည်ဟု အဆိုပါ အစီရင်ခံစာက ဆိုသည်။

တရုတ် သမ္မတရှီကျင့်ဖျင်သည် ၎င်း၏ အနီးကပ်မဟာမိတ်များအဖြစ် သတ်မှတ်ထားသော ဗိုလ်ချုပ် လီရှန်ဖူနှင့် ဗိုလ်ချုပ်မှူးကြီး မီယာအိုဟွာတို့ ရာထူးမှ ထုတ်ပယ်မှုက တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်အတွင်း သစ္စာခံမှုနှင့် အကျင့်ပျက်ခြစားမှုပြဿနာများကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်နေကြောင်း ပြသနေသည်ဟုလည်း ဖော်ပြထားသည်။

တရုတ်သမ္မတရှီကျင့်ဖျင်က ထိုင်ဝမ်နှင့် ပဋိပက္ခအတွက် အသင့်ဖြစ်နေစေရန် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(PLA) ကို ခေတ်မီစစ်တပ်တစ်တပ် ဖြစ်လာစေလိုသည်။

အကျင့်ပျက်ခြစားမှုက တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ကို ၂၀၂၇ မတိုင်ခင် ခေတ်မီစစ်တပ်တစ်တပ်ဖြစ်လာရေး ရည်မှန်းချက်ကို ဟန့်တားနေသည်ဟု သမ္မတရှီကျင့်ဖျင်က ယူဆသည်ဟုလည်း ဖော်ပြထားသည်။

တရုတ်ကွန်မြူနစ်ပါတီ၏ အာဏာကို ဗဟိုမှ တင်းတင်းကျပ်ကျပ်ချုပ်ကိုင်ထားမှုနှင့် အစိုးရအရာရှိများအပေါ် သီးခြားလွတ်လပ်စွာ စောင့်ကြည့်ထိန်းကျောင်းနိုင်မှု မရှိခြင်းကြောင့် အကျင့်ပျက်ခြစားမှုပြဿနာက တရုတ်နိုင်ငံအတွက် ကြီးမားသည့် ပြဿနာတစ်ရပ် ဖြစ်လာသည်။

ယင်းသို့ ဖြစ်ရသည်မှာ တရုတ်ကွန်မြူနစ်ပါတီက အာဏာဗဟိုချုပ်ကိုင်မှုများလွန်းပြီး အစိုးရအရာရှိများအပေါ် သီးခြားလွတ်လပ်စွာ စောင့်ကြည့်စစ်ဆေးမှုများ ၊ ပွင့်လင်းမြင်သာမှု နည်းပါးခြင်းကြောင့် ဖြစ်သည်ဟု အဆိုပါ အစီရင်ခံစာက ဆိုသည်။

တရုတ်သမ္မတရှီကျင့်ဖျင့်နှင့် မိသားစု၏ ကြွယ်ဝချမ်းသာမှုမှာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ရှိကြောင်း ယင်းအစီရင်ခံစာက ဖော်ပြသည်။

အဆိုပါ အစီရင်ခံစာသည် “တရုတ်အစိုးရနှင့် တရုတ်ကွန်မြူနစ်ပါတီအတွင်း အကျင့်ပျက်ခြစားမှုနှင့် ပတ်သက်၍ အရေးကြီးထိရှလွယ်သည့် အကြောင်းအရာများကို အမေရိကန်အစိုးရဘက်မှ ပထမဆုံးတရားတင်ထုတ်ပြန်ချက်ဖြစ်သည်ဟု the Washington Times က ဆိုသည်။

ယင်းအစီရင်ခံစာ ထွက်ပေါ်မလာရေးအတွက် တရုတ်သံရုံးအရာရှိတစ်ဦးသည် အမေရိကန်ကွန်ဂရက်သို့ စည်းရုံးခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း ကွန်ဂရက် တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ဝါရှင်တန်တိုင်းမ် သတင်းစာတွင် မတ်လ ၂၀ ရက်က ဖော်ပြခဲ့သည်။

Source: Focus Taiwan