BREAKING
March 25, 2025

တနင်္သာရီ ချောင်းလမုရွာတွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် တောမီးရက်ဆက်လောင်

March 24, 2025

တနင်္သာရီမြို့နယ်၊ ချောင်းလမုရွာတွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲရာမှ တောမီး ရက်ဆက်လောင်ကျွမ်းနေကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။

မတ် ၂၁ ရက် ညနေ ၃နာရီခန့်တွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်တစ်လုံး ချောင်းလမုရွာအပြင်ရှိ ဝါးရုံတောအတွင်း ကျရောက်ပေါက်ကွဲရာမှ မီးစတင်လောင်ကျွမ်းကြောင်း ၎င်းတို့က ပြောသည်။

ယင်းအပြင် အနီးဝန်းကျင်ရှိ သီဟိုဠ်ခြံများ၊ ရော်ဘာခြံများနှင့် ကွမ်းသီးခြံများ ဆက်လက်လောင်ကျွမ်းနေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

”တောမီးလောင်တာ ညရောက်မှ သိတယ်။ ကျွန်တော်တို့က လင်း (နောက်တစ်ရက် မနက်စောစော) မှ သွားငြှိမ်း လိုက်တယ်။ အိမ်နဲ့နီးတဲ့ တောစပ်တွေပဲ ငြှိမ်းသတ်နိုင်တယ်” ဟု အဆိုပါတော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောဆိုသည်။

မီးလောင်သည့်နေရာမှာ စစ်ကောင်စီတပ်သားများနှင့် နီးနေသည့်အတွက် သွားရောက်ငြှိမ်းသတ်နိုင်ခြင်းမရှိဘဲ မတ်လ ၂၄ ရက် နံနက်အထိ ဆက်လက်လောင်ကျွမ်းနေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဧရိယာမည်မျှလောင်ကျွမ်းသွားသည်ကိုမူ မသိရသေးပေ။

”လက်ရှိမှာက တစ်ရွာလုံး သူပြေးကိုယ်ပြေးလေ။ ခြံတွေ မီးလောင်နေမှန်းသိလည်း ဘာတတ်နိုင်မလဲ သွားမရဲဘူး။ အသက်က ပိုအရေးကြီးတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ချောင်းလမုရွာနေ ဒေသအများစုမှာ သီဟိုဠ်၊ ရော်ဘာနှင့် ကွမ်းသီးခြံများ စိုက်ပျိုးကာ အသက်မွေးဝမ်းကြောင်းပြုကြပြီး စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်နီးပါးလုပ်ဆောင်နေသည်။