ရေဖြူမြို့နယ်၊ ကျောက်ကညာနှင့် ညင်းထွေးရွာကြားတွင် ယနေ့နံနက် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ် လေယာဉ်ဝဲနေသဖြင့် စိုးရိမ်ကြောင်း ဒေသခံများက ပြောသည်။
ကျောက်ကညာနှင့် ညင်းထွေးရွာကြားရှိ ကားလမ်းမတစ်ဝိုက်နှင့် ကားလမ်းမ အရှေ့ဘက်ခြမ်းတို့တွင် ယနေ့ မတ်လ ၂၄ ရက် နံနက် ၉ နာရီခန့်ကစပြီး တိုက်ပွဲအပြင်းအထန်ဖြစ်နေကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
“အခုထိ ပစ်နေကြတုန်း၊ လေယာဉ်လည်း လာဝဲနေတယ်” ဟု ၎င်းက နံနက် ၁၁နာရီဝန်းကျင်တွင် ပြောဆိုသည်။
နံနက် ၁၁ နာရီဝန်းကျင်အထိ နှစ်ဖက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်နေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
နံနက် ၁၀နာရီခွဲခန့်တွင် စစ်ကောင်တပ်၏ လေယာဉ်မှာ ကျောက်ကညာရွာနှင့် ညင်းထွေးရွာ၏တို့တွင် ပျံဝဲနေပြီး လေကြောင်းတိုက်ခိုက်ခံရမည်ကို စိုးရိမ်နေကြကြောင်း ဒေသခံများက ပြောသည်။
တိုက်ပွဲတွင် ဒေသခံ ထိခိုက်သေဆုံးမှုများရှိကြောင်း ကနဦး သိထားရပြီး အသေးစိတ်အခြေအနေကို Dawei Watch အနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။
ထားဝယ်မြို့ နှင့် ရေဖြူမြို့ကြားတွင် မတ်လ ၈ရက်ကစပြီး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များကြား တိုက်ပွဲ ခပ်စိပ်စိပ် ဖြစ်ပွားနေသည်။
မတ်လ ၁၈ရက် နံနက်ပိုင်းတွင် မောင်မယ်ရှောင်ကျေးရွာရှိ ထားဝယ်နည်းပညာတက္ကသိုလ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်က တပ်ဖွဲ့ဝင် သုံးဦးစျေးဝယ်ထွက်ချိန် တော်လှန်ရေးတပ်သားတွေက တိုက်ခိုက်ခဲ့သည်။ မောင်မယ်ရှောင်မှာ ကျောက်ကညာနှင့် ညင်းထွေးရွာတို့နှင့် တဆက်တည်း တည်ရှိသည်။
မတ်လ ၂၂ရက်တွင်လည်း မောင်မယ်ရှောင်ကျေးရွာရှိ ရှင်ဓာတ်ဝဲဘုရား၌ တပ်စွဲထားသော စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ကြောင်း ဒူရကစစ်ကြောင်းက ထုတ်ပြန်ထားသည်။