BREAKING
March 26, 2025

တနင်္သာရီ ဘန်းလမွတ်ရွာသားတစ်ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

March 24, 2025

ပုံစာ - ဘန်းလမွတ်ကျေးရွာအား တွေ့ရစဉ်(ပုံဟောင်း)

တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ရွာသားတစ်ဦးကို စစ်ကောင်စီတပ်က မတ်လ ၂၂ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းနေ့ နံနက်ပိုင်းတွင် အသက် ၃၈ နှစ်အရွယ် ဦးသိန်းဇော်ထွေး (ခေါ်) ဦးနောင်ပြဲအပါအဝင် လမ်းသွားလမ်းလာများကို ဘန်းလမွတ်ရွာလမ်းဆုံတွင် စစ်ကောင်စီတပ်သားများက ဖမ်းဆီးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သူ အားလုံးနီးပါးကို ပြန်လွှတ်ပေးခဲ့သော်လည်း ဦးနောင်ပြဲကိုမူ မတ်လ ၂၃ ရက် ညနေအထိ ဖမ်းဆီးထားဆဲဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“ဘာကြောင့်ဖမ်းလဲ။ ဘယ်မှာဖမ်းထားလဲဆိုတာကို မသိရသေးဘူး။ မိသားစုဝင်တွေကလည်း လိုက်စုံစမ်းနေတုန်းပဲ” ဟု ၎င်းက ပြောဆိုသည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသည့် ဦးနောင်ဗြဲကို စစ်ကောင်စီတပ်က ဇဝဲရွာဘက်ကို ခေါ်ဆောင်သွားကြောင်း ဘန်းလမွတ်ရွာ ဒေသခံတစ်ဦးက ပြောဆိုသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။

မတ်လ ပထမအပတ်ကတည်းက တနင်္သာရီမြို့နယ်၊ ညောင်ပင်ကုန်းရွာကို ဦးတည်စစ်ကြောင်းထိုးခဲ့သည့် စစ်ကောင်စီတပ် စစ်ကြောင်းသည် ဘန်းလမွတ်ကျေးရွာအုပ်စုအတွင်း တပ်ဖြန့်လှုပ်ရှားနေပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ညတိုင်း ပစ်ခတ်နေကြောင်း ဒေသခံများက ဆိုသည်။

“ညဆို မီးတောင်မထွန်းရဲဘူး။ မီးရောင်မြင်ရင် ပစ်တာပဲ။ တချို့ဆို အိမ်ကိုတောင် ပြန်မရဲကြဘူး” ဟု ဘန်းလမွတ်ရွာနေ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

မတ်လ ၁၀ရက်ကလည်း စစ်ကောင်စီတပ်သည် ဘန်းလမွတ်ကျေးရွာလမ်းဆုံတွင် လမ်းသွားလမ်းလာ ၂၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး ရှစ်ရက်ကြာထိန်းသိမ်းထားပြီးမှ ပြန်လွှတ်ပေးခဲ့သည်။