ချစ်ခြင်းမေတ္တာဆိုတာ လူတိုင်း လူတိုင်းအတွက် အလွန်အရေးကြီးလှပါတယ်။
ချစ်ခြင်းမေတ္တာကသာ လောကကို ငြိမ်းချမ်းအောင် လုပ်ဆောင်နိုင်တယ်လို့ ပညာရှိတွေ ပြောဆိုကြတာကိုလည်း မှတ် သားကြရပါတယ်။ ချစ်ခြင်းမေတ္တာတွေ ထဲမှာ သားသမီးအပေါ်ထား တဲ့ မိခင်မေတ္တာကတော့ အမြင့်မြတ်ဆုံးလို့ အား လုံးက ယုံကြည်ထားကြပါတယ်။ မိခင် မေတ္တာလောက် ကြီးမားခိုင်ခံ့တဲ့အရာ အခြားမှာ ရှာလို့မတွေ့နိုင်ပါဘူးလို့လည်း ပြောစမှတ်ပြုကြပါတယ်။
မိခင်တွေရဲ့ သားသမီးအပေါ်ထားတဲ့ ချစ်ခြင်းတရားဟာ ဘယ်ဆီကမှ သင်ယူ လေ့လာစရာမလိုဘဲ ရင်ထဲမှာ အလိုလို ဖြစ်တည်လာတဲ့အရာပါ။ ဘယ်မိခင် ဖြစ်ဖြစ် သားသမီးအပေါ် တုနှိုင်းလို့မရတဲ့ မေတ္တာနဲ့ချစ်ကြလို့ မိခင်မေတ္တာဟာ အနှိုင်းမဲ့မေတ္တာလို့ သတ်မှတ်ထားကြပါတယ်။
အဲဒီလို မိခင်တိုင်းရဲ့ ရင်ထဲမှာ မိမိ တို့သားသမီးကို အနှိုင်းမဲ့ချစ်နေပါရက်နဲ့ သားသမီးတွေကို ပြုစုစောင့်ရှောက်ပုံတွေ တစ်ဦးနဲ့တစ်ဦး မတူညီဘဲ ဘာဖြစ်လို့ ကွဲပြားသွားရပါသလဲ။
တချို့မိခင်တွေ က မိမိတို့သားသမီး စိတ်ကောင်း နှလုံး ကောင်းရှိအောင်၊ ထူးချွန်ထက်မြက်လာ အောင်၊ ကိုယ့်အားကိုယ်ကိုးနိုင်အောင် စနစ်တကျပဲ့ပြင်ဆုံးမပြီး ပြုစုစောင့်ရှောက် ကြပေမယ့် တချို့မိခင်တွေကတော့ ဘယ်လိုအဆုံးအမမျိုးမှ သားသမီးတွေကို မျှဝေပေးအပ်နိုင်ခြင်း မရှိကြတာကိုလည်း တွေ့နေရပါတယ်။
ဒါဆို မိခင်မေတ္တာတစ်ခုတည်းနဲ့ သားသမီးတွေရဲ့ဘ၀ ဘက်စုံတိုးတက် ဖွံ့ဖြိုးဖို့ ပြည့်စုံလုံလောက်ပါရဲ့လား။ မိခင်တွေဟာ သားသမီးတွေကို နည်းမှန် လမ်းမှန် ဆုံးမပဲ့ပြင်နိုင်ဖို့အတွက် ချစ်ခြင်း မေတ္တာအပြင် တခြားဘာတွေ လိုအပ်နေ ပါသေးသလဲ။ စဉ်းစားစရာပဲ ဖြစ်ပါတယ်။
အဆောက်အအုံတစ်ခု တည်ဆောက်မယ်ဆိုရင် အုတ်မြစ်ခိုင်ခံ့ဖို့ သိပ်ကို အရေး ကြီးလှပါတယ်။
ဒါပေမယ့် အုတ်မြစ်ခိုင် ခံ့ရုံနဲ့ လှပခံ့ထည်တဲ့ အဆောက်အအုံတစ်ခု မဖြစ်နိုင်ပါဘူး။ ဗိသုကာပညာရှင်တို့ရဲ့ ပညာနဲ့ အမျိုးမျိုးအဖုံဖုံ မွမ်းမံတည် ဆောက်ပြီးမှသာ လှပခံ့ထည်တဲ့ အဆောက် အအုံတစ်ခု ဖြစ်နိုင်ပါတယ်။
သားသမီးတွေကို ပြုစုပျိုးထောင်တဲ့ နေရာမှာလည်း ချစ်ခြင်းမေတ္တာဟာ အုတ် မြစ်နဲ့တူတယ်လို့ ထင်ပါတယ်။ ချစ်ခြင်း မေတ္တာအပြင် သားသမီးတွေရဲ့ ရုပ်ပိုင်း ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ စနစ်တကျ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မိခင်ဖြစ်သူက ဥာဏ်ပညာနဲ့ စနစ်တကျ သွန်သင်ဆုံး မတတ်ဖို့လည်း အရေးကြီးလှပါတယ်။ သားသမီးတွေကို အနီးကပ်ပြုစုစောင့် ရှောက်ရတဲ့ မိခင်ဟာဥာဏ်ပညာ ကြီးမား လေလေ သားသမီးတွေရဲ့ အနာဂတ်ဟာ လှပဖို့ အခွင့်အလမ်း ပိုများလေလေပါပဲ။
“ပုခက်လွှဲသောလက်သည် ကမ္ဘာကို အုပ်စိုးနိုင်၏”ဆိုတဲ့ ဆိုရိုးစကားကို လူတိုင်း ကြားဖူးကြသလို အဓိပ္ပာယ်လည်း သိကြ မှာပါ။ မိခင်မေတ္တာနဲ့ မိခင်ရဲ့အခန်းကဏ္ဍ ဘယ်လောက်အထိ အရေးကြီးသလဲဆို တာ ဖော်ပြနေတဲ့ ဆိုရိုးစကားတစ်ခုပါပဲ။ ပုခက်လွှဲတဲ့လက်တိုင်း ကမ္ဘာကိုအုပ်စိုးနိုင်ခြင်းရှိမရှိ ဆိုတာက အဲဒီလက်တစ်စုံရဲ့ ချစ်ခြင်းမေတ္တာနှင့်အတူ ဥာဏ်ပညာ အပေါ်မှာလည်း များစွာမူတည်နေပါတယ်။
အမျိုးသမီးတွေဟာ အဝတ်လျှော်၊ ထမင်းချက်၊ ကလေးထိန်းစတဲ့ အိမ်ထောင့် တာဝန်တွေကိုသာ ထမ်းရတာမို့ ပညာ တတ်စရာ မလိုဘူးလို့ ယူဆကြပြီး အမျိုး သမီးတွေကို ပညာသင်ကြားခွင့် မပေး ခဲ့တဲ့ တစ်ခေတ်တစ်ခါလည်း ရှိခဲ့ဖူးပါ တယ်။ ပညာဆိုတဲ့နေရာမှာ အတန်း ကျောင်းပညာတစ်ခုတည်းကို ဆိုလိုတာ မဟုတ်ပါဘူး။ အကောင်းအဆိုး အမှား အမှန် ဝေဖန်ပိုင်းခြင်း နိုင်စွမ်းရှိပြီး၊ မှန်ကန်တဲ့အတွေးအခေါ်ရှိတယ်ဆိုရင် ပညာရှိတာပါပဲ။ ဒါပေမယ့် အဲဒီလို အမှားအမှန် ဝေဖန်ပိုင်းခြား နိုင်စွမ်းရှိ ဖို့အတွက် အတန်းကျောင်းပညာက များစွာအထောက်အကူပြုတာကို တွေ့ရပါတယ်။
ဒါ့ကြောင့် အမျိုးသမီးတွေလည်း အမျိုးသားများနည်းတူ စာပေသင်ကြား နိုင်တဲ့ အခွင့်အရေးရဖို့ အရေးကြီးလှပါ တယ်။ အမေလုပ်သူက စာမတတ်၊ ပညာ မတတ်ဘဲ သားသမီးတွေကို ချစ်ခြင်း မေတ္တာတစ်ခုတည်းနဲ့ ပြုစုထိန်းကျောင်း မယ်ဆိုရင် အမှားကိုအမှန်ထင်ပြီး သွန်သင်ဆုံးမမိတဲ့အခါ သားသမီးတွေရဲ့ ဘ၀ လမ်းမှားရောက်သွားနိုင်ပါတယ်။ သားသမီးတွေကို မျက်ကန်းအချစ်နဲ့ အလိုလိုက်လွန်းလို့ ပျက်စီးသွားတဲ့ သာဓကတွေလည်း ပတ်ဝန်းကျင်မှာ အများကြီး တွေ့နေရပါတယ်။
မွေးကင်းစ နီတာရဲဘ၀ကနေ အရွယ်ရောက်တဲ့အထိ မိခင်လုပ်သူက ဥာဏ်ပညာကြီးကြီးနဲ့ ပဲ့ပြင်ထိန်းကျောင်း နိုင်မယ်ဆိုရင် သားသမီးတွေဟာ လမ်း မှားရောက်ဖို့ အခွင့်အလမ်း အလွန်နည်း ပါးသွားပါတယ်။ ဒါမှလည်း ကမ္ဘာကို အုပ်စိုးနိုင်တဲ့ ပုခက်လွှဲတဲ့ လက်တစ်စုံ အဖြစ် ထာ၀ရဂုဏ်ယူနိုင်မှာပါ။
ကလေးတစ်ယောက် ကောင်းမွန်စွာ လူလားမြောက်ဖို့အတွက် မိခင်တစ် ယောက်တည်းရဲ့ ပြုစုပျိုးထောင်မှုနဲ့ လုံလောက်ချင်မှ လုံလောက်မှာပါ။ မိဘ၊ ဆရာ၊ ပတ်ဝန်းကျင် စတာတွေကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင် ပါတယ်။ ဒါပေမယ့် မိခင်က ကလေးနဲ့ အနီးကပ်ဆုံး လူသားဖြစ်တဲ့အတွက် သားသမီးတွေရဲ့ဘ၀ကို ပဲ့ပြင်ထိန်း ကျောင်းတဲ့နေရာမှာ အရေးကြီးဆုံးလူသား အဖြစ် သတ်မှတ်ရမှာ ဖြစ်ပါတယ်။
ဘယ်လူမျိုးမဆို မျိုးဆက်တစ်ဆက် ထက်တစ်ဆက် အသိဥာဏ်ပညာ မြင့်မား သွားမှသာ အဲဒီလူမျိုး ရေရှည်တည်တံ့ နိုင်မှာ ဖြစ်ပါတယ်။ မိမိတို့ရဲ့ အနာဂတ် မျိုးဆက်သစ်တွေကို မိမိတို့ထက် အသိ ဥာဏ်ပညာ ပိုမိုမြင့်မားစေချင်တယ်ဆိုရင် အမျိုးသမီးတွေကို မဖြစ်မနေ ပညာသင် ကြားခွင့်ပေးဖို့ အရေးကြီးလှပါတယ်။ ပညာမတတ်တဲ့ မိခင်တစ်ယောက်ရဲ့ သားသမီးတွေဟာ ပညာသင်ကြားဖို့ အခွင့်အရေးမရခဲ့ဘူးဆိုရင် မျိုးဆက်ဟာ တဖြည်းဖြည်း နိမ့်ပါးသွားဖို့ပဲ ရှိပါတယ်။
ပုခက်လွှဲတဲ့လက်ဟာ ပညာတတ်ဖို့ ဘယ်လောက်အထိ အရေးကြီးသလဲဆိုရင် သားသမီးတွေ မျက်နှာမမြင်ခင် ကိုယ်ဝန် ဆောင်ကတည်းက ကိုယ်ဝန်ဆောင် စောင့်ရှောက်မှု အသိပညာရှိဖို့ လိုပါ တယ်။ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု နည်းလမ်းတွေမသိလို့ မွေးလာတဲ့ကလေး ထိခိုက်သွားတာမျိုးတွေ ကျွန်မတို့ ပတ်ဝန်းကျင်မှာ အများကြီးတွေ့ရပါတယ်။
အဲဒီလိုပဲ မိခင်တစ်ယောက်ဟာ သားသမီးတွေကို အစားအစာကျွေးတဲ့ နေရာမှာဆိုရင်လည်း သူမဟာ ကျန်းမာ ရေး အသိပညာရှိဖို့ လိုအပ်ပြန်ပါတယ်။ စာတတ်တဲ့ မိခင်တစ်ယောက်ဟာ သူ့သားသမီး အဟာရပြည့်၀ဖို့အတွက် ဘယ်လို ကျွေးမွေးသင့်သလဲဆိုတာ စာအုပ် တွေမှာ ရှာဖတ်လို့ရတယ်။ သားသမီး တွေအတွက် အာဟာရမျှတတဲ့ အစားအစာ ကို ကျွေးမွေးတတ်တဲ့ အသိပညာရှိမှသာ သားသမီးတွေရဲ့ ကျန်းမာရေးနဲ့ ရုပ်ပိုင်း ဆိုင်ရာ ပုံမှန်ဖွံ့ဖြိုးလာမှာ ဖြစ်ပါတယ်။
ဒါက ဥပမာတစ်ခုအနေနဲ့ပဲ ပြော တာပါ။ တကယ်တမ်းကျတော့ မိခင်ရဲ့ အခန်းကဏ္ဍဟာ များစွာကျယ်ဝန်းနက် ရှိုင်းပြီး သားသမီးတွေရဲ့ ဘ၀တစ်လျှောက် လုံး ပဲ့ပြင်ထိန်းကျောင်းရတဲ့ ပဲ့ကိုင်ရှင် တစ်ဦးပဲ ဖြစ်ပါတယ်။
ကျွန်မ ငယ်ငယ်တုန်းက သိခဲ့တဲ့ အမျိုးသမီးတစ်ယောက်ဆိုရင် သူ့ကလေး ချော်လဲလို့ ခြေထောက်မှာ ဒဏ်ရာရသွား တာကို ဆေးမထည့်ဘဲ ဖုန်မှုန့်သိပ်ထည့် လိုက်တော့ အနာရင်းပြီး အဖျားတက် တဲ့အထိ ဖြစ်သွားပါတယ်။ ဖုန်မှုန့်သိပ် ထည့်ရင် အနာကျက်သွားမယ် ထင်လို့ပါ တဲ့။ ဒါက သူမကလေးကို သူမ မချစ်လို့ မဟုတ်ဘူး။ ချစ်လွန်းပေမယ့်လည်း ဥာဏ်ပညာ မရှိတဲ့အခါ ခုတ်ရာတစ်ခြား ရှရာတစ်ခြား ဖြစ်သွားပါတယ်။
တချို့မိခင်တွေရဲ့ ဥာဏ်ပညာ နည်းပါးမှုကြောင့် ဖုန်မှုန့်သိပ်ထည့် တာနဲ့တူတဲ့ မှားယွင်းတဲ့အတွေး အခေါ် အယူအဆတွေကို သားသမီးတွေရဲ့ခေါင်းထဲ ရိုက်သွင်းလိုက်မိတာမျိုးတွေ အမြဲတမ်းလိုလို တွေ့နေရပါတယ်။
လူငယ်တွေကို တိုင်းပြည်ရဲ့ အနာဂတ် လို့ သတ်မှတ်ပြောဆိုကြပါတယ်။ အဲဒီ တိုင်းပြည်အနာဂတ် တစ်ခုလုံးကို အဓိက တာဝန်ယူ ပံ့ပိုးပေးနေရတဲ့ မိခင်တွေကို ပညာတတ်စရာ မလိုဘူး။ သေစာရှင်စာ လောက်တတ်ရင်တော်ပြီလို့ ပညာသင် ကြားဖို့ အခွင့်အရေးတွေကို ကန့်သတ် လိုက်တာဟာ သိပ်ကိုမှားယွင်းတဲ့ လုပ်ရပ် ဖြစ်ပါတယ်။
တိုင်းပြည်နဲ့လူမျိုးကို တကယ်ချစ် တဲ့သူမှန်ရင် အမျိုးသမီးတွေ ပညာသင် ကြားတဲ့ အခွင့်အရေးများများပေးဖို့ လိုအပ် လှပါတယ်။ မိမိတို့ရဲ့ အနာဂတ်မျိုး ဆက်တွေကို တစ်ဆင့်ထက်တစ်ဆင့် ဥာဏ်ပညာ ပိုမိုမြင့်မားသွားစေချင်တယ် ဆိုရင် သားသမီးတွေကို အနီးကပ်ပြုစု စောင့်ရှောက်ရတဲ့၊ မိခင်တွေဖြစ်ကြတဲ့ အမျိုးသမီးတွေကို ပညာသင်ကြားတဲ့ အခွင့်အရေးပေးဖို့ လိုအပ်သလို အမျိုး သမီးများကိုယ်တိုင်ကလည်း ပညာတတ် တစ်ယောက်ဖြစ်အောင် ကြိုးစားသင်ယူဖို့ အလွန်တရာ အရေးကြီးလှပါတယ်။ ။
နီမာဦး