မြန်မာနိုင်ငံသည် ဒီမိုကရေစီ စနစ်ကို ကျင့်သုံးလိုကြောင်း ၁၉၈၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ရှစ်လေးလုံး အရေးတော်ပုံဖြင့် ကမ္ဘာသိ ကြေညာခဲ့ပြီး ဖြစ်သည်။
လက်ရှိ အခြေအနေတွင်လည်း ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို ပီပြင်စွာ ကျင့်သုံးနိုင်ရေး နိုင်ငံရေးခေါင်းဆောင်များက ကြိုးပမ်းလျက် ရှိသည်။
ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးဆိုသည်မှာ အဓိကအားဖြင့် စနစ်တည်ဆောက်ရေး ဟုဆိုနိုင်သော်လည်း တစ်ဖက်တွင်လည်း နိုင်ငံသူနိုင်ငံသားများ၏ အလေ့အကျင့် သည်လည်း အသက်တမျှ အရေးကြီးပါသည်။
နိုင်ငံရေးခေါင်းဆောင်များက စနစ်မည်မျှပင် တည်ဆောက်စေကာမူ ဒီမိုကရေစီ အလေ့အကျင့်မရှိသော နိုင်ငံသူ နိုင်ငံသားများဖြင့် ဒီမိုကရေစီနိုင်ငံ မဖြစ်နိုင်ပေ။
ဒီမိုကရေစီ အလေ့အကျင့်များတွင် အရေးကြီးဆုံးနှင့် သော့ချက်အကျဆုံးမှာ မတူညီသော သဘောထားအမြင်များကို သည်းခံနားလည်ခြင်း ဖြစ်သည်။ ပုဂ္ဂလိက လွတ်လပ်ခွင့်နှင့် နိုင်ငံရေးအရ လွတ်လပ်မှုနှင့် ချိတ်ဆက်နေပြီး ဒီမိုကရေစီတန်ဖိုးတစ်ခု ဖြစ်သော မတူညီသော သဘောထားအမြင်များကို သည်းခံခြင်း၊ နားထောင်တတ်ခြင်းတို့ နိုင်ငံသူနိုင်ငံသားတို့ စိတ်နှလုံးအတွင်း အမြစ်တွယ်နေမှသာလျှင် ဒီမိုကရေစီ ရင့်သန်ရှင်သန် နိုင်မည်ဖြစ်သည်။
တက္ကသိုလ်ကျောင်းသားများ၏ စာမေးပွဲ ကိစ္စ အပါအဝင် အခြားနိုင်ငံရေး၊ စီးပွားရေး အရေးအရာများတွင် မိမိတို့ သဘောထားနှင့် မကိုက်ညီသည်များကို အချက်အလက်ဖြင့် ငြင်းခုံခြင်းထက် အပြစ်တင်ရှုတ်ချခြင်း၊ ထိုးနှက်ခြင်းတို့က များနေသည်ကို တွေ့ရသည်။
ယင်းမှာ မတူညီသော သဘောထားအမြင်များကို သည်းခံနားလည်မှု (Political Tolerance) မရှိမှု၊ ရင့်ကျက်မှု မရှိမှုများ ဖြစ်သည်။
ထိုကြောင့် ဒီမိုကရေစီကို အမှန်တကယ်ယုံကြည်လျှင် Political Tolerance ရှိပြီး မတူညီသော သဘောထားအမြင်များ၊ ယုံကြည်လက်ခံမှုများ ကို နားလည်၊ လက်ခံ၊ သည်းခံရကြပါမည့်အကြောင်း အလေးပေး ဖော်ပြ လိုပါသည်။
အယ်ဒီတာ (မတ် ၁၉၊ ၂၀၂၀)