BREAKING
February 24, 2025

တနင်္သာရီတိုင်းတွင် မိုးဆက်ရွာမည်

February 24, 2025

ဓာတ်ပုံ - Dawei Watch

တနင်္သာရီတိုင်းတွင် ဖေဖော်ဝါရီလ ၂၄ရက်မှ ဖေဖော်ဝါရီလ ၂၇ရက်အထိ အချိန်အခါမဟုတ် မိုးရွာသွန်းမှု ဆက်ရှိနေမည် ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ရှိ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဖေဖော်ဝါရီလ ၂၃ရက်တွင် ထုတ်ပြန်သည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများတွေ့ဆုံမှုကြောင့်လည်းကောင်း၊ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းဖြစ်ကြောင်း ဖော်ပြသည်။

တနင်္သာရီတိုင်းအပြင် နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ ကချင်၊ ကယား၊ ကရင်၊ မွန်၊ ရှမ်း၊ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ချင်းနှင့် ရခိုင် စသည့်ဒေသတို့တွင်လည်း အချိန်အခါမဟုတ် မိုးရွာသွန်းမည်ဖြစ်ကြောင်း မိုးဇလက ဆိုသည်။

အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်းလည်း မိုးဇလက သတိပေးထားသည် ။

ထားဝယ်ခရိုင်တွင် ဖေဖော်ဝါရီလ ၁၉ရက်မှစ၍ မိုးရွာသွန်းနေပြီး ဖေဖော်ဝါရီ ၂၃ရက်တွင် သစ်ပင် မိုးကြိုးပစ်ခံရခြင်း၊ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ကျိုးကာ လျှပ်စစ်မီးပြတ်တောက်ခြင်းများဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ဒီနေ့က တစ်နေ့လုံး မိုးအုံ့နေတယ်။ မရွာချသေးဘူး။ မနေ့ကတော့ မိုးလည်းသည်းတယ်။ လေလည်းတိုက်တာ အကြီးအကျယ်ပဲ။ မိုးကြိုးလည်း အကျယ်ကြီးတစ်ချက်ပစ်တာကြားလိုက်ရတယ်” ဟု ထားဝယ်မြို့ခံက ဖေဖော်ဝါရီ ၂၄ ရက် ညနေပိုင်းတွင် ပြောသည် ။

မြိတ်နှင့် ကော့သောင်းခရိုင်တို့တွင်လည်း မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ၊ မိုးခြိမ်းခြင်းများ ဖြစ်ပွားနေကြောင်း ဒေသခံများထံ ယနေ့ ဆက်သွယ်မေးမြန်းချက်များအရ သိရသည်။

မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ လေပြင်းများ တိုက်ခတ်ပြီး လှိုင်းကြီးနိုင်ကြောင်း ပင်လယ်မိုးလေဝသ အခြေအနေကို လည်း မိုးဇလက သတိပေးထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန၏ မိုးလေဝသခန့်မှန်းချက်တွင်လည်း ဖေဖော်ဝါရီ ၂၈ရက်အထိ တနင်္သာရီတိုင်းတွင် နေရာကျဲကျဲမှ နေရာရာစိတ်စိတ် မိုးရွာနိုင်ပြီး ရွာရန်ရာနှုန်း ၅၀ နှင့် ၆၀ ကြားတွင် ရှိကြောင်း ဖော်ပြထားသည်။