BREAKING
February 24, 2025

ထားဝယ်အထူးစီးပွားရေးဇုန် ဖြစ်လာမည်ကို မကြိုက်လျှင်ထားဝယ်သားမဟုတ်ဟု ဦးမြတ်ကိုပြော

February 24, 2025

ထားဝယ်အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်မည်ကို မကြိုက်သောသူသည် ထားဝယ်သားမဟုတ်ကြောင်း စစ်ကောင်စီခန့် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကိုက ပြောဆိုသည်။

ရုရှားနိုင်ငံက ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံရန် စစ်ကောင်စီနှင့် နားလည်မှုစာချွန်လွှာ(MOU) ရေးထိုးလိုက်သည့်ကိစ္စအပေါ် မေးမြန်းစဉ် ဦးမြတ်ကိုက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“တို့ဒေသဖွံ့ဖြိုးတိုးတက်ဖို့ကိစ္စပဲ ငါကြိုက်တာပေါ့။ မကြိုက်တဲ့သူရှိရင် အဲဒါထားဝယ်သားမဟုတ်လို့ပဲ။ ထားဝယ်သားဖြစ်ပြီး ထားဝယ်မှာ စက်မှုဇုန်ရှိလာမှာကို မကြိုက်ဘဲ ဘယ်ရမလဲ။ ကြိုက်ရမှာပေါ့” ဟု ဦးမြတ်ကိုက ပြောသည်။

သို့သော် စစ်အာဏာသိမ်းမှုကို လက်မခံသဖြင့် လက်နက်ကိုင်တွန်းလှန်မှုမှာ တနင်္သာရီတိုင်းတွင်လည်း အားကောင်းနေပြီး နယ်မြေအတော်များများကို တော်လှန်ရေး အဖွဲ့များက စိုးမိုးထားသဖြင့် စစ်ကောင်စီမှာ အထူးစီးပွားရေးဇုန်တည်ရှိရာ ထားဝယ်ဒေသတွင် လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်သော အခြေအနေတွင် မရှိပေ။

ရုရှားစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးနှင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်မှုဝန်ကြီး ဒေါက်တာကံဇော်တို့ ဖေဖော်ဝါရီလ ၂၂ ရက်က နေပြည်တော်တွင် တွေ့ဆုံပြီးနောက် ထားဝယ်စီမံကိန်းကိစ္စနှင့်ပတ်သက်ပြီး ရုရှားနိုင်ငံက ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ရုရှားနိုင်ငံအနေဖြင့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းအတွင်း ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ၊ ရေနံချက်စက်ရုံ၊ ဆိပ်ကမ်းတည်ဆောက်ရေးများပါဝင်ကြောင်း ရုရှားအစိုးရ၏ ထုတ်ပြန်ချက်ကို ကိုးကားကာ မီဒီယာများတွင် ဖော်ပြကြသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး စစ်ကောင်စီခန့် တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဦးမြတ်ကိုအား Dawei Watch က ဖုန်းဆက်မေးမြန်းခဲ့ရာ ထားဝယ်စီးမံကိန်းကိစ္စ ရုရှားနိုင်ငံနှင့် လက်မှတ်ရေးထိုးလိုက်သည်ကို သိရသော်လည်း ယင်းလက်မှတ်ထိုးပွဲတွင် ၎င်းမပါဝင်သဖြင့် အသေးစိတ် မသိရဟုဆိုသည်။

သို့သော် ထားဝယ်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမှာ တနင်္သာရီတိုင်း ဖွံ့ဖြိုးတိုးတက်ရေးကိစ္စ ဖြစ်သောကြောင့် လက်ခံမည် ဖြစ်ကြောင်း ဦးမြတ်ကိုက ပြောဆိုသည်။

“ထားဝယ်မြို့တိုးတက်ရေး၊ တနင်္သာရီတိုင်းတိုးတက်ရေးဖြစ်မယ့်ကိစ္စ၊ ဒို့ဆီကအလုပ်သမားတွေ သူများနိုင်ငံဆီမှာသွားပြီး အလုပ်လုပ်နေရတဲ့သူတွေ အလုပ်ရလာမှာဆိုတော့ ကောင်းတာပေါ့။ ဒို့ဒေသဖွံ့ဖြိုးတိုးတက်‌ရေး ကိစ္စဖြစ်တဲ့အတွက် ငါကြိုက်တာပေါ့” ဟု ၎င်းက ပြောဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၄ ရက်နေ့က ဦးမြတ်ကိုနှင့်ရုရှားနိုင်ငံသံအမတ်ကြီး Ms Ma Jia နှင့်အဖွဲ့သည် ကော့သောင်းမြို့တွင် တွေ့ဆုံခဲ့သေးသည်။

ရုရှားသံအမတ်ကြီးနှင့်အဖွဲ့သည် တနင်္သာရီတိုင်းသို့ အလည်လာရောက်သည့်အချိန် ၎င်းနှင့်လာရောက်တွေ့ဆုံခြင်းသာဖြစ်ပြီး ထားဝယ်စီမံကိန်းကိစ္စ ဆွေးနွေးခဲ့ခြင်းမရှိကြောင်း ၎င်းကပြောသည်။

“ထားဝယ်စီမံကိန်းကိစ္စ ထားဝယ်အထူးစီးပွားရေးဇုန် ကော်မတီ ဥက္ကဋ္ဌနဲ့တွေ့ပြီး သူတို့( ရုရှားသံအမတ်တို့) စကားပြောကြတာရှိတယ်” ဟု ၎င်းကဆိုသည်။

စီမံကိန်းကိစ္စနှင့်ပတ်သက်ပြီး ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီကသာ ကိစ္စအားလုံးကို လုပ်ဆောင်နေသည်ဟု ဦးမြတ်ကိုက ပြောသည်။

စစ်ကောင်စီက ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကို ပြန်လည်စတင်ရန် ကြိုးစားနေသော်လည်း တော်လှန်ရေးအားကောင်းနေသဖြင့် ယင်းစီမံကိန်းစနိုင်ရေးမှာ မလွယ်ကူကြောင်း တွေ့ရသည်။

သို့သော် စစ်ကောင်စီက ယင်းစီမံကိန်းတည်ရှိရာ ဒေသဝန်းကျင်ကို စစ်ကြောင်းထိုးမှုများ ပိုမိုလုပ်ဆောင်နေပြီး ထားဝယ်အထူးစီးပွားရေးဇုန် တည်ရှိရာဒေသဝန်းကျင်မှ ကျေးရွာများမှာ မကြာခဏ စစ်ဘေးရှောင် ထွက်ပြေးနေကြရသည်။