BREAKING
February 24, 2025

အဓမ္မစစ်မှုထမ်း စုဆောင်းနေချိန် မြန်မာ ၂၀၀ ကို ထိုင်းက စစ်ကောင်စီထံပြန်ပို့

February 24, 2025

ဓာတ်ပုံ - ရနောင်းလဝက

ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား ၂၀၀ ဦးကို အဓမ္မစစ်သားစုဆောင်းမှုများ လုပ်ဆောင်နေသည့် စစ်ကောင်စီထံသို့ ထိုင်းဘက်က ယနေ့ (ဖေဖော်ဝါရီလ ၂၄) ထပ်မံလွှဲပြောင်းပေးလိုက်သည်။

ယနေ့ နံနက် ၁၁ နာရီခွဲက ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော မြန်မာနိုင်ငံသား ၂၀၀ ဦးကို ကော့သောင်းမြို့သို့ လွှဲပြောင်းပေးခဲ့ကြောင်း ရနောင်းလဝကဌာနက ထုတ်ပြန်သည်။

နေရပ်ပြန်ပို့စဉ် ရနောင်းအာဏာပိုင်များနှင့်အတူ ရနောင်းအခြေစိုက် မြန်မာအလုပ်သမားသံအရာရှိ ဦးမိုးဇော်လည်း တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံသားများကို ကော့သောင်းဘက်သို့ စက်လှေများဖြင့် လွှဲပြောင်းပေးခဲ့ဟု ဖော်ပြထားချက်အရသိရသည်။

မြန်မာနိုင်ငံသားများကို စစ်မှုထမ်းဥပဒေအရ ဖမ်းဆီးခေါ်ဆောင်မှုများရှိနေသဖြင့် ထိုင်းနိုင်ငံထဲ ပြစ်ဒဏ်ကျခံပြီးနောက် ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသားများကို နေရပ်ပြန်မပို့ရန် ထိုင်းတက်ကြွလှုပ်ရှားသူများက ထိုင်းအစိုးရကို တိုက်တွန်းနေသော်လည်း ယခုကဲ့သို့ ထပ်မံလွှဲပြောင်းခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံရေးအခြေအနေအရ ထွက်ပြေးတိမ်းရှောင်လာရသူများကို ထိုင်းအစိုးရက ဒုက္ခသည်များအဖြစ် သတ်မှတ်ရမည်ဖြစ်ကြောင်း ပြီးခဲ့သော ဇန်နဝါရီလကုန်ပိုင်းက ချူလာလောင်ကွန်းတက္ကသိုလ်နှင့် ထိုင်း၊ မြန်မာအလုပ်သမားအဖွဲ့များက ဆွေးနွေးခဲ့ပြီး ထိုင်းပြည်ထဲရေးဝန်ကြီးဌာနထံ တောင်းဆိုထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်မှုထမ်းဥပဒေရှိနေသဖြင့် အသစ်ရောက်ရှိလာသော မြန်မာနိုင်ငံသားများကို ကာကွယ်ပေးရန်၊ နေရပ်ပြန်မပို့ရန်နှင့် ၎င်းတို့အား ထိုင်းအစိုးရအနေဖြင့် ယာယီနေထိုင်ခွင့်၊ ခိုလှုံခွင့်ပေးရန် တောင်းဆိုခဲ့ကြသည်။

အမေရိကန်အခြေစိုက် လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ (HRW) က ထိုင်းနိုင်ငံအနေဖြင့် ဖမ်းဆီးခံမြန်မာနိုင်ငံသားများအား ညှင်းပန်းနှိပ်စက်မှုများ ကျူးလွန်နေသည့် စစ်ကောင်စီထံ ပြန်ပို့နေခြင်းကို လက်မခံနိုင်ကြောင်း ပြီးခဲ့သောနှစ် နိုဝင်ဘာလကထုတ်ပြန်ထားသည်။

နေရပ်ပြန်ပို့ခံရသော မြန်မာနိုင်ငံသားများ စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်ခံနေရသည်ကို သိရှိသော်လည်း အထက်အမိန့်ရ ပြန်ပို့နေရသည်ဟု လဝက အရာရှိများကပြောကြောင်း ရနောင်းအခြေစိုက် မိတ္တသဟာရ နာရေးကူညီမှုအသင်းက ကိုသားကျော်က ပြောသည်။

“အခုလို လူသိရှင်ကြား မြန်မာပြည်ပြန်ပို့နေတာမျိုးလည်း ရှိသလို လူမသိဘဲနဲ့ လှေငယ်လေးတွေနဲ့ ငါးယောက် ဆယ်ယောက် ခိုးပို့နေတာမျိုးတွေလည်း ရှိတယ်ပေါ့နော်။ တောမော (လဝက) ထဲက ပြောတာတော့ အထက်ကနေ အစိုးရအမိန့်ကျလာရင် ပို့ဆို ပို့ရတာတဲ့။ ကျွန်တော်တို့ ဘာသွားပြောရဦးမလဲ” ဟု ယင်းအဖွဲ့က ကိုသားကျော်က ဆိုသည်။

ယခင်က ထိန်းသိမ်းရေးစခန်းထဲက မြန်မာအလုပ်သမားများ၏ လိုအပ်ချက်များကို သွားရောက်ကူညီခွင့်ရှိသော်လည်း ယခုနောက်ပိုင်းတွင် အဖွဲ့အစည်းများကို လာရောက်ကူညီဆောင်ရွက်ခွင့် မပေးတော့ကြောင်း ၎င်းကဆိုသည်။

မိတ္တသဟာရ နာရေးကူညီမှုအသင်း (SAFWA) အဖွဲ့သည် ရနောင်းထိန်းသိမ်းရေးစခန်းထဲက မြန်မာနိုင်ငံသားများကို ဆက်တိုက် ကူညီဆောင်ရွက်ပေးနေသော အဖွဲ့တစ်ခုဖြစ်သည်။

၂၀၂၄ ခုနှစ်အတွင်း ရနောင်းထိန်းသိမ်းရေးစခန်းမှ ကော့သောင်းသို့ ပြန်လွှဲပြောင်းပေးမှုအကြိမ်ရေ စုစုပေါင်း ၁၄ ကြိမ်အထိ ရှိခဲ့ပြီး မြန်မာနိုင်ငံသား ၂၀၀၅ ဦးအထိ ပြန်လည်ပို့ဆောင်ခဲ့သည်။

ယခင်လ ၂၂ ရက်နေ့ကလည်း ရနောင်းထိန်းသိမ်းရေးစခန်းထဲက မြန်မာနိုင်ငံသား ၁၄၉ ဦးကို ကော့သောင်းဘက်ကသို့ လွှဲပြောင်းပေးခဲ့သေးသည်။

စစ်ကောင်စီကလည်း နေရပ်ပြန်လည်ပို့ဆောင်လာသူများကို စစ်မှုထမ်းအသက်တွင် အကျုံးဝင်ပါက ဖမ်းဆီးခေါ်ဆောင်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း စစ်မှုထမ်း စုဆောင်းခံရသူများထံမှ သိရသည်။