BREAKING
February 24, 2025

စစ်ကောင်စီက ထောက်ပံ့သည်ဆိုသောငွေ မွန်စစ်ရှောင်အများစုမရ

February 24, 2025

ပုံစာ - မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေထဲ ထွက်ပြေးတိမ်းရှောင်လာကြသည့် ရေးဒေသခံများ။ ဓာတ်ပုံ - Mon Relief and Development Center

မွန်ပြည်နယ်၊ စစ်ကောင်စီက ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများကို တစ်ဦးလျှင် ကျပ်နှစ်သောင်းနှုန်းဖြင့် ထောက်ပံ့ပေးသည်ဆိုသော်လည်း စစ်ဘေးရှောင်ပြည်သူအများစု ရရှိခြင်းမရှိကြောင်း စုံစမ်းသိရှိရသည်။

စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့်အဖွဲ့က ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအား ငွေကြေးထောက်ပံ့ပေးသည့်အခမ်းအနားကို မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမတွင် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ကျင်းပခဲ့သည်။

စစ်ဘေးရှောင် တစ်ဦးလျှင် ကျပ် ၂၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ကျပ်သိန်း ၃၇၀၀ ကျော်ကို ထောက်ပံ့ပေးခဲ့သလို တခြားအလှူရှင်များကလည်း ဆန်နှင့် အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်ဟု မွန်ပြည်နယ် စစ်ကောင်စီအဖွဲ့က ထုတ်ပြန်ထားသည်။

“အထောက်အပံ့ပေးတယ်ဆိုတာ ကျွန်မတို့ သိတောင် မသိဘူး။ သူများတွေတော့ မပြောတတ်ဘူးပေါ့။ တစ်ခါမှလည်း မရဖူးဘူး။ အလှူရှင်တွေပြီးတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေ တော်လှန်ရေးအဖွဲ့အစည်းတွေကနေ ရတာတော့ ရှိတယ်” ဟု ကျိုက်ထိုမြို့နယ်အတွင်းက စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

အလားတူ စစ်ရေးပဋိပက္ခပြင်းထန်နေသည့် ဘီးလင်း၊ ကျိုက်ထို၊ သထုံ၊ ရေး၊ သံဖြူဇရပ်ဘက်က စစ်ဘေးရှောင် ပြည်သူအများစုကလည်း ပြည်နယ်စစ်ကောင်စီက ပေးသည့် ငွေကြေးအထောက်အပံ့ မရကြဟု စစ်ဘေးရှောင် ကူညီရေးအဖွဲ့များထံမှသိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုတို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် စစ်ကောင်စီ စစ်ကြောင်းထိုးမှု၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် မွန်ပြည်နယ်တွင် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် နှစ်သိန်းကျော် ရှိသည်ဟု စစ်တမ်းများအရသိရသည်။

အထူးသဖြင့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုတို့အကြား တိုက်ပွဲပြင်းထန်နေသည့် ဘီးလင်း၊ ကျိုက်ထို၊ ကျိုက်မရောနှင့် ရေးမြို့နယ်တို့တွင် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရပြီး အများစုသည် မွန်ပြည်သစ်ပါတီ NMSP နှင့် ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေတို့တွင် တိမ်းရှောင်နေကြရသည်။

နယ်မြေအခြေအနေ မတည်ငြိမ်မှုကြောင့် ထွက်ပြေးတိမ်းရှောက်နေရသူအများစုသည် နေရပ်သို့ ပြန်လာနိုင်ခြင်းမရှိကြောင်း၊ အချိန်ကာလကြာလာသည်နှင့် စစ်ဘေးရှောင်များ စားနပ်ရိက္ခာ၊ အမိုးအကာနှင့် ဆေးဝါးများလိုအပ်လျက်ရှိသည်ဟု မွန်ပြည်နယ် လူသားချင်းစာနာမှုကွန်ရက်က ထုတ်ပြန်ထားသည်။

“ပဋိပက္ခဖြစ်ပွားတဲ့ဒေသက လူတွေ အများစုက တောထဲ တောင်ထဲကို ထွက်ပြေးကြတာများတယ်။ တောထဲ တောင်ထဲမှာဆိုတော့ နေရာထိုင်ခင်း အခက်အခဲဖြစ်တယ်။ ပြေးရတာ တစ်ရက် နှစ်ရက်လည်း မဟုတ်တော့ စားနပ်ရိက္ခာတွေလည်း အခက်အခဲရှိတယ်။ အထောက်အပံ့ကရှိပေမယ့် မလုံလောက်ဘူး။ ဆေးဝါးတွေလည်း လိုအပ်ချက်ရှိတယ်” ဟု စစ်ရှောင်ပြည်သူများကို အကူအညီပေးနေသူတစ်ဦးက ပြောသည်။

မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေထဲ တိမ်းရှောင်နေကြသည့် စစ်ဘေးရှောင်ပြည်သူများကို မွန်ပြည်သူသစ်ပါတီက ကူညီထောက်ပံ့မှုပေးနေသလို KNU ထိန်းချုပ်နယ်မြေထဲရှိ စစ်ရှောင်ပြည်သူများကိုလည်း KNU က ကူညီထောက်ပံ့မှုနေကြောင်း၊ အလှူရှင်နှင့် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ တော်လှန်ရေးအဖွဲ့အစည်းတို့ကလည်း ကူညီထောက်ပံ့မှု လုပ်ဆောင်နေသည်ဟု သိရသည်။