BREAKING
February 24, 2025

လောင်းလုံးမှာ စစ်ကောင်စီလက်နက်ကြီးကြောင့် PDF ခုနစ်ဦးသေဆုံးတယ်ဆိုတဲ့သတင်းအမှား

February 24, 2025

လောင်းလုံးမြို့နယ်၊ စခန်းကြီးရွာဘက်ကို စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ဘဲ ဖေဖော်ဝါရီလ ၁၈ ရက်ညပိုင်းက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် စခန်းကြီးရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ခုနစ်ဦး သေဆုံးတယ်လို့ “အမဲလိုက်မုဆိုးကြီးသတင်းအမှန်” ဆိုတဲ့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်က ဖေဖော်ဝါရီလ ၁၉ ရက်မှာ ရေးသားဖြန့်ချိခဲ့ပါတယ်။

အဲဒီဖော်ပြချက်ကို Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက် စိစစ်ကြည့်ရာမှာတော့ သတင်းအမှားဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။

Subscriber ပြုလုပ်ထားသူ နှစ်သောင်းခွဲကျော်ရှိတဲ့ အဲဒီချန်နယ်ရဲ့ ဖော်ပြချက်ကို မြင်တွေ့ပြီးသူ ငါးထောင်ကျော်၊ Reaction ပြုလုပ်ထားသူ ၁၁၃ ဦးနဲ့ ဆက်လက်ပျံ့နှံ့နေပါတယ်။ ဒီလင့်မှာ ကြည့်နိုင်ပါတယ်။

လက်နက်ကြီးနဲ့ ခုနစ်ချက်ပစ်ခတ်

စခန်းကြီးကျေးရွာအုပ်စုမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၁၈ ရက် ည၇ နာရီဝန်းကျင်မှာ လက်နက်ကြီးနဲ့ ခုနစ်ချက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လောင်းလုံးမြို့နယ်၊ တောရှည်ရွာမှာအခြေစိုက်ထားတဲ့ ခြေလျင်တပ်ရင်း ခလရ ၁၀၄ က စခန်းကြီးကျေးရွာအုပ်စုဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။ စခန်းကြီးကျေးရွာအုပ်စုဟာ ခလရ ၁၀၄ ရဲ့ အနောက်မြောက်ဘက် နှစ်မိုင်လောက် အကွာမှာ တည်ရှိတာပါ။

စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တစ်လုံးဟာ စခန်းကြီးကျေးရွာအုပ်စု ပန်းဇိကျေးရွာ ဘုန်းကြီးကျောင်းအနီးမှာ ကျရောက်ပေါက်ကွဲပြီး စွန်တောင်ပေါ်နဲ့ ပန်းဇိရွာကြားမှာ နောက်ထပ်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

လက်နက်ကြီးကျည်တွေဟာ ရော်ဘာတောတွေထဲမှာ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် လူနဲ့ နေအိမ် ထိခိုက်ပျက်စီးတာ မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။ အထက်ပါအကြောင်းအရာနဲ့ ပတ်သက်လို့ Dawei Watch က သတင်းဖော်ပြခဲ့တာကို ဒီလင့်မှာ ကြည့်နိုင်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတာမရှိ

လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ခုနစ်ဦး သေဆုံးတယ်ဆိုပြီး တယ်လီဂရမ်ချန်နယ်က ဖော်ပြချက်နဲ့ပတ်သက်လို့လောင်းလုံးနဲ့ ရေဖြူမြို့နယ်တွေမှာ စစ်ရေးလှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ အခုရက်ပိုင်းအတွင်း ထိခိုက်သေဆုံးမှုမရှိကြောင်း တုံ့ပြန်ဖြေကြားကြပါတယ်။

“မဟာမိတ်အဖွဲ့တွေမှာရော၊ တပ်ဖွဲ့ထဲမှာရော လက်နက်ကြီးထိမှန်သေဆုံးခဲ့တာ မရှိဘူး။ စခန်းကြီးရွာကို စစ်တပ်က လက်နက်ကြီးပစ်တာတော့မှန်တယ်။ ဒါပေမဲ့ အရပ်သားတွေရော၊ ရဲဘော်တွေရော ဘယ်သူမှ မထိကြဘူး” ဟု လောင်းလုံးမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုရဲ့ တာဝန်ခံက ပြောပါတယ်။

စိစစ်တွေ့ရှိချက်

လောင်းလုံးမြို့နယ် စခန်းကြီးကျေးရွာအုပ်စုကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ခဲ့တဲ့ ဖြစ်စဉ်ဟာ မှန်ကန်ပါတယ်။ ဒါပေမဲ့ ဒီတိုက်ခိုက်မှုဖြစ်စဉ်မှာ PDF တပ်ဖွဲ့ဝင်တွေနဲ့ အရပ်သား ထိခိုက်သေဆုံးမှု မရှိဘူးဆိုတာကို အဲဒီဒေသမှာ လှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထံ ဒေသခံတွေကို အတည်ပြုချက်အရ သိရပါတယ်။

ဒါကြောင့် အမဲလိုက်မုဆိုးကြီးသတင်းအမှန် ဆိုတဲ့ ချန်နယ်က ဖော်ပြတဲ့ PDF ခုနစ်ဦးသေဆုံးတယ်ဆိုတဲ့ဖြစ်ရပ်မှာ သတင်းအမှားသာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်က လူနေကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်မှုအပေါ် PDF တပ်ဖွဲ့များကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ ပုံစံမျိုး ပုံဖော်ရေးသားချက်အဖြစ် စိစစ်တွေ့ရှိရပါတယ်။

စာဖတ်သူတွေအနေနဲ့ သတင်းတု၊ သတင်းမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့Dawei Watch ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။