တနင်္ဂနွေနေ့က ကျင်းပပြီးစီးခဲ့သည့် ဂျာမဏီရွေးကောက်ပွဲတွင် ဗဟိုလက်ယာပါတီဖြစ်သည့် ခရစ်ယာန်ဒီမိုကရက်တစ်ပါတီ(CDU) က မဲအများဆုံးဖြင့် အနိုင်ရခဲ့သည်။
လက်ယာအစွန်းရောက်ပါတီ AfD ပါတီယ ဒုတိယမဲအများဆုံးရရှိခဲ့ပြီး ဒုတိယကမ္ဘာစစ်နောက်ပိုင်း အင်အားအကောင်းဆုံး အနေအထားသို့ ရောက်ရှိလာသည်။
CDU ပါတီခေါင်းဆောင် ဖရက်ဒရစ်မာ့ဇ်က ဂျာမဏီအဓိပတိဖြစ်လာနိုင်ဖွယ်ရှိကြောင်း ကမ္ဘာ့သတင်းများတွင် ဖော်ပြနေကြပြီး ဖရက်ဒရစ်မာ့ဇ်ကလည်း ညွန့်ပေါင်းအစိုးရကို အမြန်ဆုံးဖွဲ့စည်းရန် ရည်ရွယ်ထားကြောင်း ပြောလိုက်သည်။
နိုင်ငံအတွင်း အခွန်လျှော့ချပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ရွေ့ပြောင်းနေထိုင်သူများအရေးကို တင်းကျပ်စွာ ကိုင်တွယ်မည်ဟု ၎င်းက ကတိပြုထားသည်။
ဂျာမဏီ၏ ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်မှုကို မြှင့်တင်ရန် ကတိပြုထားပြီး ဥရောပအနေဖြင့် အမေရိကန်ကို မှီခိုနေရသည့် ဘဝမှ လွတ်မြောက်အောင် အားထုတ်ရမည်ဟုလည်း တိုက်တွန်းထားသည်။
ရွေးကောက်ပွဲတွင် အရေးနိမ့်ခဲ့သည့် လက်ရှိဂျာမဏီအဓိပတိ အိုလားဖ်ရှော့ဇ်က ရွေးကောက်ပွဲရလဒ်မှာ ခါးသီးကြောင်း ပြောဆိုလိုက်ပြီး အနိုင်ရပါတီများအနေဖြင့် လက်ယာစွန်းပါတီနှင့် လက်တွဲခြင်း မပြုဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
လက်ယာစွန်း AfD ပါတီခေါင်းဆောင် အဲလစ်စ်ဗိုင်ဒယ်လ်က မဲအများဆုံးရသည့် CDU ပါတီနှင့် လက်တွဲပြီး ညွန့်ပေါင်းအစိုးရဖွဲ့ရန် လမ်းဖွင့်ထားကြောင်း ပြောဆိုခဲ့သည်။
ယခုရွေးကောက်ပွဲရလဒ်သည် ဂျာမဏီနိုင်ငံရေးတွင် ကွဲလွဲမှုများ နက်ရှိုင်းလာနေသည်ကို ပြသလျက်ရှိသည်ဟု နိုင်ငံတကာသတင်းများက ဖော်ပြသည်။
Source : CNN