BREAKING
February 24, 2025

မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းတွင် စစ်ဆေးရေးဂိတ်နှစ်ဆတိုးပြီး ငွေတောင်းကြမ်းလာ

February 24, 2025

ပုံစာ - ဘုတ်ပြင်းမြို့အဝင် စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်သားများကို တွေ့ရစဉ်(ပုံဟောင်း)

မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်တွင် စစ်ဆေးရေးဂိတ် ယခင်ကထက် ၂ ဆခန့်ပိုများလာပြီး ငွေတောင်းကြမ်းလာကြောင်း ကားသမားများနှင့် ခရီးသွားများထံမှသိရသည်။

လက်ရှိအချိန်တွင် အဆိုပါလမ်းပိုင်း၌ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်၊ PDFစစ်ဆေးရေးဂိတ်၊ KNU စစ်ဆေးရေးဂိတ် နှင့် KTLA ဂိတ် အပါအဝင် စစ်ဆေးရေးဂိတ် ၄၀ ဝန်းကျင်အထိ ရှိလာကြောင်း ၎င်းတို့က ဆိုသည်။

မြိတ်-ကော့သောင်းလမ်းပိုင်းမှာ ၂၆၈ မိုင်ခန့် ကွာဝေးပြီး အာဏာမသိမ်းမီက ခရီးသည်များကို စစ်ဆေးသည့် စစ်ဆေးရေးဂိတ် မရှိပေ။

အာဏာသိမ်းပြီး ၃ နှစ်ခန့်အကြာ ၂၀၂၃ ခုနှစ်နှစ်လယ်ပိုင်းတွင် စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ် အပါအဝင် စစ်ဆေးရေးဂိတ် ၈ ခုထက်မနည်းရှိလာပြီး ၂၀၂၄ နှစ်လယ်ပိုင်းတွင် စစ်ဆေးရေးဂိတ် ၂၀ ခန့်ရှိလာကြောင်း၊ သို့သော်လက်ရှိအချိန်တွင် ဂိတ်ပေါင်း ၄၀ ခန့် အထိရှိလာကြောင်း ကားသမားများနှင့် ခရီးသွားပြည်သူအချို့က ဆိုသည်။

အဆိုပါ စစ်ဆေးရေးဂိတ်၄၀ ခန့်ရှိသည့်အနက် စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ် ၂၅ ခုထက်မနည်းရှိပြီး ကျန်ဂိတ်များက တော်လှန်ရေးတပ်များက ဖွင့်လှစ်ထားသည့် ဂိတ်များဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

စစ်ကောင်စီတပ်ဂိတ်များတွင် အကြောင်းအမျိုးမျိုးပြကာ ငွေကြေးတောင်းခံမှုပိုများနေကြောင်း အဆိုပါလမ်းပိုင်းကို မကြာခဏသွားလာလေ့ရှိသည့် မြိတ်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“ခရီးတစ်ခါသွားရင် ကားခထက် လမ်း‌မှာပေးရတဲ့ ဂိတ်ကြေးက ပိုများတယ်။ express ကားကြီးတွေဆို ပိုဆိုးတယ်။တစ်လမ်းလုံး ဘာဂိတ် ညာဂိတ်ဆိုပြီး ကောက်နေတာ”ဟု အဆိုပါ အမျိုးသမီးက ဆိုသည်။

စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များတွင် ခရီးသွားတစ်ဦးလျှင် ငွေကျပ် ငါးထောင်မှ ကျပ်နှစ်သောင်းအထိ ပေးနေရကြောင်း ခရီးသွားအချို့ထံမှ သိရသည်။

“စစ်ဆေးရေးဂိတ်တွေဆိုပေမယ့် ကြေးပြား(ပိုက်ဆံ)တောင်းတဲ့ဂိတ်တွေလို့ ပြောရင်ပိုမှန်တယ်။ဘာမှ စစ်ဆေးတာမဟုတ်ဘူး ငွေပဲ တောင်းနေတယ်”ဟု ခရီးသွား ဒေသခံတစ်ဦးကပြောသည်။

တော်လှန်ရေးတပ်အချို့၏ စစ်ဆေးရေးဂိတ်များတွင် ငွေကြေးတောင်းခံခြင်းမရှိသော်လည်း အလှူခံသည့်သဘောဖြင့် ထည့်ဝင်ခိုင်းသည့် အနေအထားရှိကြောင်း အဆိုပါလမ်းပိုင်းတွင် ပြေးဆွဲနေသည့် ကားသမားတစ်ဦးက ဆိုသည်။

“တချို့ဒေသတွင်း တော်လှန်ရေး ဂိတ်တွေကျရင် အလှူခံတဲ့ သဘောလောက်ပဲ။ သူတို့ စစ်ဆေးမေးမြန်းတာပြီးရင် စေတနာရှိရင် ပေးချင်ပေးခဲ့ မပေးချင်လည်း ရတယ်”ဟု အထက်ပါ ကားသမားက ပြောသည်။

မြိတ်-ကော့သောင်း ‌လမ်းပိုင်းနေရာအချို့တွင် တိုက်ပွဲများပြင်းထန်ပြီး စစ်ရေးတင်းမာနေသည့်အတွက် ရေကြောင်းနှင့် လေကြောင်းမှ ခရီးသွားသူပိုများလာသည်။