BREAKING
September 20, 2024

ညမထွက်ရအမိန့်ကြောင့် ထားဝယ်တွင် လူ ၂၀ ကျော် ထောင်ဒဏ်တစ်လကျ

February 24, 2021

တပ်အာဏာသိမ်းပြီး ညမထွက်ရအမိန့် အပါအဝင် ပုဒ်မ-၁၄၄ ထုတ်ပြန် ပြီးနောက် ထားဝယ်မြို့နယ်အတွင်း ထောင်တစ်လကျခံရသူ နှစ်ဆယ်ကျော် ရှိကြောင်း မြို့နယ်တရားရုံးထံမှ သိရသည်။

စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၉ ရက်မှစတင်ကာ ည ၈ နာရီမှ နံနက် ၄ နာရီအထိ ည မထွက်ရအမိန့် ထုတ်ပြန်ထားခဲ့သည်။

အဆိုပါ အမိန့်ထုတ်ပြန်သည့်နေ့မှ ဖေဖော်ဝါရီလ ၁၇ ရက်အထိ ၂၃ ဦးကို ဖမ်းဆီးပြီး ထားဝယ်မြို့နယ် အုပ်ချုပ်ရေးမှူးက တရားရုံးသို့ ဦးတိုက် လျှောက်ထားခဲ့ကြောင်း မြို့နယ်တရားရုံး၏ သတင်းပြန်ကြားရေးအရာရှိက ဆိုသည်။

ထိုသို့ ဦးတိုက်လျှောက်ထားလာသည့်အတွက် တရားရုံးမှ အထက်ပါ ၂၃ ဦးကို အမှု ၁၅ မှုဖွင့်ကာ လက်ခံ စစ်ဆေးပြီးနောက် ထောင်ဒဏ်တစ်လစီ ချမှတ်ခဲ့ကြောင်း အထက်ပါ အရာရှိက ပြောသည်။

“ညမထွက်ရန် အမိန့်ထုတ်ပြန်ကြေ ညာထားသည့်အမိန့်အပေါ်ဖီဆန်ပြီး အဆိုပါထုတ်ပြန်ကြေညာထားသည့် အချိန်အတွင်း ညထွက်သည့်အတွက် တရားစွဲဆိုခံရခြင်းဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

မြို့နယ်အလိုက်ထုတ်ပြန်ထားသည့် ပုဒ်မ-၁၄၄ တွင် ညမထွက်ရအမိန့် အပါအဝင် လူငါးဦးနှင့် အထက်မစု ဝေးရန်၊ ဆန္ဒပြမှုများမလုပ်ရန် အစရှိသည့် တားမြစ်ချက်များ ပါဝင်သည်။