BREAKING
January 24, 2025

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

January 24, 2025

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဇန်နဝါရီ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့အထိ

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း ထောင် ၁၄ နှစ် ချမှတ်ခံရ

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အမ်ရမ်ခမ်းကို အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ပါကစ္စတန် တရားရုံးကနေ ထောင်ဒဏ် ၁၄ နှစ်ချမှတ်ခဲ့ပါတယ်။

သူ့ဇနီးကိုတော့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့တာပါ။

သူ ဝန်ကြီးချုပ် တာဝန်ယူချိန်က လာဘ်စားမှုနဲ့ တရားရင်ဆိုင်နေရသူဖြစ်ပြီး ၂၀၂၃ ခုနှစ် သြဂုတ်လကတည်းက အကျဥ်းထောင်မှာ ထိန်းသိမ်းခံထားရပါတယ်။

ပြစ်ဒဏ်စီရင်ပြီး နောက်မှာတော့ ဇနီးဖြစ်သူကို တရားရုံး အချုပ်ဝင်းထဲကနေ အကျဥ်းထောင်ကို ရွှေ့ပြောင်းလိုက်ပါတယ်။

သူတို့နှစ်ဦးက ၂၀၁၈ ခုနှစ်ကနေ ၂၀၂၂ ခုနှစ် ကာလထဲ တည်ထောင်ခဲ့တဲ့ Al-Qadir တက္ကသိုလ် ရန်ပုံငွေ အစီအစဥ်နဲ့ ဆက်စပ်ပြီး အာဏာ အလွဲသုံးစားမှုနဲ့ ပြစ်ဒဏ် စီရင်ခံရတာ ဖြစ်ပါတယ်။

Ref: BBC

………………………………..

တောင်ကိုရီးယား သမ္မတကို ရက်ထပ်တိုးဖမ်းဆီးထား

တောင်ကိုရီးယားနိုင်ငံမှာ စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့ သမ္မတ ယွန်းဆွပ်ယိုးကို ဇန်နဝါရီလ ၁၉ ရက်နေ့က တရားရုံးကနေ ရက်တိုးဖမ်းဆီးဖို့ ခွင့်ပြုပေးလိုက်ပါတယ်။

သက်သေ အထောက်အထားတွေကို ဖျက်ဆီးနိုင်ခြေရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သမ္မတကို ဖမ်းဆီးနိုင်ဖို့ ဆိုးလ်အနောက်ပိုင်းခရိုင်တရားရုံးကနေ ခွင့်ပြုပေးလိုက်တာပါ။

ဒါကြောင့် စုံစမ်းစစ်ဆေးရေး အဖွဲ့ကနေ သမ္မတကို ရက်ပေါင်း ၂၀ သက်တမ်းတိုးဖမ်းဆီးထားနိုင်မှာ ဖြစ်ပြီး အဲဒီကာလထဲမှာ အမှုတင်ဖို့ အစိုးရရှေ့နေတွေကို လွှဲပြောင်းပေးရမှာ ဖြစ်ပါတယ်။

သမ္မတကို တရားဝင် ဖမ်းဆီးမယ့် ဆုံးဖြတ်ချက်ကြောင့် တရားရုံးရှေ့မှာ ဆူပူအုံကြွမှု ဖြစ်ခဲ့ပြီး ထောက်ခံသူနဲ့ လုံခြုံရေးအဖွဲ့ဝင်များကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ရပါသေးတယ်။

ထောက်ခံသူတွေကနေ တရားရုံးထဲက လမ်းအထိ ရောက်လာခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေကို ပစ္စည်းတွေ ပစ်ပေါက်တာ မီးသတ်ဆေးဘူးသုံးတာတွေအထိ လုပ်ဆောင်ခဲ့ပါတယ်။

Ref: France 24

………………………………..

ထိုင်းမှာ လိင်တူလက်ထပ်ခွင့် စတင်အသက်ဝင်

ထိုင်းနိုင်ငံမှာ ဇန်နဝါရီလ ၂၃ ရက်နေ့ကစပြီး လိင်တူချင်း တရားဝင် ထိမ်းမြားလက်ထပ်ခွင့်ဥပဒေ အသက်ဝင်လာခဲ့ပါပြီ။

ဒါကြောင့် ထိုင်းနိုင်ငံဟာ ထိုင်ဝမ်နဲ့ နီပေါနိုင်ငံပြီးရင် အာရှမှာ လိင်တူချင်းလက်ထပ်ခွင့်ရှိတဲ့ တတိယနိုင်ငံ ဖြစ်လာပါတယ်။

အရှေ့တောင်အာရှမှာတော့ ပထမဆုံး နိုင်ငံဖြစ်လာခဲ့ပြီး တစ်နိုင်ငံလုံး စုံတွဲ ရာချီ လက်မှတ်ထိုး လက်ထပ်ခဲ့ကြတာပါ။

လိင်တူလက်ထပ်ခွင့်ဥပဒေကြမ်းကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကတည်းက လွှတ်တော်က တရားဝင်ဥပဒေအဖြစ် အတည်ပြုခဲ့ပြီး ထိုင်းဘုရင်က လက်မှတ်ထိုး အတည်ပြုပေးထားတာ ဖြစ်ပါတယ်။

လိင်တူခြင်း တရားဝင်လက်ထပ်ခွင့်၊ ငွေကြေးနဲ့ ကျန်းမာရေးအခွင့်အရေး တန်းတူရရှိခွင့်တွေကို ခံစားရတော့မှာ ဖြစ်ပါတယ်။

Ref: BBC

………………………………..

အစ္စရေးနဲ့ ဟားမတ်စ်တို့ စတင်အပစ်ရပ်

အစ္စရေးနဲ့ ဟားမတ်စ် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာ ဇန်နဝါရီလ ၁၉ ရက်နေ့ကစလို့ ဆက်အသက်ဝင်နေခဲ့ပါတယ်။

သူတို့ စစ်ပွဲဟာ ပထမအဆင့်အနေနဲ့ ၆ ပတ်ကြာ အပစ်အခတ် ရပ်စဲဖို့ နှစ်ဖက် သဘောတူထားကြတာပါ။

ဟားမတ်စ်အဖွဲ့က ဖမ်းဆီးထားတဲ့ ဓားစာခံတွေထဲက ၃၃ ဦးကို ပြန်လွှတ်ပေးရမှာဖြစ်ပြီး နောက်ထပ်လွှတ်ပေးဖို့လည်း ကျန်နေပါသေးတယ်။

အစ္စရေးကလည်း ပါလက်စတိုင်းအကျဉ်းသား ၉၀ ကို ပြန်လွှတ်ပေးခဲ့ပါတယ်။ အများစုက ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ ဖြစ်ပါတယ်။

သဘောတူညီချက်အရ အစ္စရေးက နောက်ထပ် အကျဉ်းသား ရာနဲ့ချီ ပြန်လွှတ်ပေးရမှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂအဖွဲ့ကတော့ အကူအညီလိုအပ်နေသူတွေကို ဆက်လက်ကူညီပေးသွားမှာဖြစ်ပြီး နေအိမ်အဆောက်အဦးတွေ ပြန်လည်ထူထောင်ရေးကိုတော့ ၂၀၄၀ ပြည့်နှစ်လောက်မှ အပြီးသတ်နိုင်လိမ့်မယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Ref: The New York Times

………………………………..

ကယ်လီဖိုးနီးယားတောမီး ဆက်လက်လောင်ကျွမ်းနေ

အမေရိကန်ပြည်ထောင်စု အနောက်ဘက်ခြမ်းက ကယ်လီဖိုးနီးယားပြည်နယ် Los Angeles မြို့မြောက်ပိုင်းမှာ ဇန်နဝါရီလ ၂၂ ရက်နေ့က မီးလောင်ကျွမ်းမှု ထပ်ဖြစ်လာခဲ့ပါတယ်။

ဒါကြောင့် ဒေသခံသောင်းချီကို ဘေးလွတ်ရာရွှေ့ဖို့ သတိပေးထားရတာပါ။

လော့စ်အိမ်ဂျလိန်မြို့ရဲ့ အဆိုးရွားဆုံးခံခဲ့ရတဲ့ Palisades မီးနဲ့ Eaton မီးတွေကို ငြှိမ်းသတ်နိုင်ဖို့ မီးသတ်တွေ ဆက်လက် ကြိုးစားနေကြချိန်မှာ မြောက်ပိုင်းက Hughes ဒေသမှာ မီးလောင်ကျွမ်းလာတာ ဖြစ်ပါတယ်။

အခုထပ်တိုးလောင်တဲ့ နေရာမှာ ခြောက်သွေ့ပြီး လေပြင်းတိုက်ခတ်မယ့် အခြေအနေကြောင့် မီးကူးစက် ပျံ့နှံ့နိုင်တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလ ၂၃ ရက်နေ့မှာလည်း ဆန်ဒီရာဂိုဒေသက နေရာနှစ်နေရာမှာ မီးလောင်လာလို့ သတိပေးချက်တွေ ထုတ်ပြန်ထားရပါတယ်။

နောက်ပိုင်းရက်တွေမှာတော့ လော့အိမ်ဂျလိန်မြို့ရဲ့ နေရာတော်တော်များများမှာ မိုးရွာသွန်းနိုင်ပြီး တချို့နေရာတွေမှာ မိုးကြီးနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

Ref: AP

………………………………..

ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတအဖြစ် စတင်တာဝန်ယူ

အမေရိကန်ပြည်ထောင်စုမှာ သမ္မတ ဒေါ်နယ်ထရမ့် ဇန်နဝါရီလ ၂၀ ရက်နေ့က သမ္မတရုံးစတင်ဝင်ရောက်ပြီးနောက် အမိန့်အာဏာတွေ လက်မှတ်ထိုး ထုတ်ပြန်လိုက်ပါတယ်။ 

နိုင်ငံတကာ ကျန်းမာရေးအဖွဲ့ (WHO) နဲ့ ပါရီရာသီဥတု သဘောတူညီချက်ကနေ နုတ်ထွက်ဖို့နဲ့ အမေရိကန်ရဲ့ နိုင်ငံခြားအကူအညီတွေကို ရပ်ဆိုင်းဖို့ ညွှန်ကြားလိုက်တာပါ။

လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အမိန့်တွေထဲမှာတော့ အမေရိကန်-မက္ကဆီကို နယ်စပ်မှာ အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီး တပ်ဖွဲ့ဝင်အင်အားများ တိုးချဲ့ချထားခဲ့ပါတယ်။

ဒါအပြင် ဒုက္ခသည် ခိုလှုံခွင့်တောင်းခံတာတွေကိုပါ ရပ်တန့်လိုက်ပြီး အမေရိကန်မှာ မွေးဖွားတဲ့ ကလေးတချို့ကို မွေးရာပါနိုင်ငံသားဖြစ်ခွင့် မပေးတော့တာတွေအထိ တင်းကြပ်လိုက်ပါတယ်။

Ref: CNN

………………………………..

အင်ဒိုနီးရှားမြေပြိုမှုကြောင့် အနည်းဆုံး လူ ၁၉ ဦး သေဆုံး

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်း အလယ်ပိုင်း ပီကာလွန်ဂန်မြို့မှာ မြေပြိုမှုဖြစ်ပွားခဲ့လို့ လူ ၁၉ ဦး သေဆုံးခဲ့ပြီး လူ ၁၃ ဦး ဒဏ်ရာ ရခဲ့ပါတယ်။ 

ဇန်နဝါရီလ ၂၁ ရက်နေ့က ပီကာလွန်ဂန်မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှု ဖြစ်ပွားခဲ့တာပါ။

မြေပြိုမှုကြောင့် လမ်းတွေ၊ အိမ်တွေ မြေကြီးထဲ ပါသွားပြီး လယ်ကွင်းတွေလည်း ရွှံ့တွေနဲ့ ဖုံးအုပ်ကုန်ပါတယ်။

မြေပြိုမှုဖြစ်ဖြစ်ခြင်း ကယ်ဆယ်ရှာဖွေရေး ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး ရာသီဥတုအခြေအနေ ဆိုးရွားနေလို့ အချိန်လုပြီး လှုပ်ရှားခဲ့ရတယ်လို့ ဆိုပါတယ်။

မြေပြိုတဲ့နေ့က မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းခဲ့လို့ ရှာဖွေရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အခက်အခဲရှိခဲ့တယ်လို့ ဆိုပါတယ်။

Ref: Aljazeera

………………………………..

တောင်ကိုးရီးယားမှာ ၉ နှစ်အတွင်း ကလေးမွေးဖွားနှုန်း ပြန်မြင့်တက်လာ

ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းခဲ့ရတဲ့ လက်ထပ်ပွဲတွေ ပြန်လည်ကျင်းပခဲ့ပြီးနောက် တောင်ကိုရီးယားနိုင်ငံမှာ ၉ နှစ်အတွင်း ပထမဆုံးအကြိမ် ကလေးမွေးဖွားနှုန်း ပြန်လည်မြင့်တက်လာခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံဟာ ကမ္ဘာပေါ်မှာ ကလေးမွေးဖွားနှုန်း အနည်းဆုံးနိုင်ငံစာရင်း ဝင်ခဲ့ပြီး ၂၀၂၃ ခုနှစ်အထိ ၈ နှစ်ဆက်တိုက် ကလေးမွေးဖွားမှုနှုန်း ကျဆင်းခဲ့တာပါ။ 

၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ နိုဝင်ဘာလကြား မှတ်တမ်းအရ ကလေးမွေးဖွားမှု ၂၂၀,၀၀၀ ကျော်ရှိခဲ့ပြီး ယခင်နှစ်ထက် ၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့တယ်လို့ တောင်ကိုရီးယားအစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ်ထဲ တောင်ကိုရီးယားနိုင်ငံမှာ မင်္ဂလာပွဲ ကျင်းပခဲ့တဲ့ အရေအတွက်ဟာ ပြီးခဲ့တဲ့ ၁၂ နှစ်အတွင်း အများဆုံးဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Ref: REUTERS

………………………………..

ရီးရဲလ်မက်ဒရစ်ဘောလုံးအသင်း တစ်နှစ်ဝင်ငွေ ယူရို ၁ ဘီလီယံကျော်ရရှိပြီး စံချိန်တင်

ရီးရဲလ်မက်ဒရစ်ဘောလုံးအသင်းဟာ တစ်နှစ်အတွင်း ဝင်ငွေ ယူရို ၁ ဘီလီယံရရှိတဲ့ ပထမဆုံး ဘောလုံးအသင်း ဖြစ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်နဲ့ လာလီဂါဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ ရီးရဲလ်အသင်းဟာ ယူရို ၁၀၄၅ သန်း ဝင်ငွေ ရရှိခဲ့တာပါ။

မန်စီးတီးအသင်းက ယူရို ၈၃၈ သန်း ဝင်ငွေ ရရှိတာကို ကျော်ဖြတ်ပြီး Deloitte ကုမ္ပဏီရဲ့ Football Money League မှာ ထိပ်ဆုံးနေရာ ရပ်တည်နိုင်ခဲ့ပါတယ်။

ဘောလုံးကွင်းကို ပြင်ဆင်ခဲ့တဲ့ ရီးရဲလ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ကွင်းဝင်ကြေး ၂ ဆ တိုးမြင့်ရရှိခဲ့ပြီး ကွင်းဝင်ကြေးတစ်ခုတည်းကနေ ယူရို ၂၄၈ သန်း ရရှိခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ အဆင့် ၈ နဲ့ ရာသီသိမ်းခဲ့တဲ့ မန်ယူကတော့ ယူရိုသန်း ၇၇၁ ရရှိခဲ့ပြီး Football Money League မှာ အဆင့် ၄ နေရာ ရပ်တည်နိုင်ခဲ့ပါတယ်။

Ref: BBC

………………………………..